ရောဂါအမြစ်တွယ်နေတဲ့ဒေသတွေမှာ သန်ချဆေးပေါင်းတွေ ကျွေးမှာပါ။

တစ်နိုင်ငံလုံးရှိ ခရိုင် ၄၅ ခုမှာ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်နေသေးတယ်လို့ ဇန်နဝါရီလ ၁၁ ရက်က ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်ခဲ့တဲ့ ဆင်ခြေထောက်ရောဂါကင်းဝေးရေး အသိပညာပေးဆွေးနွေးပွဲမှာ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်ကျော်က ပြောကြားလိုက်ပါတယ်။

( ဒီဇင်ဘာလအတွင်းက မြဝတီမြို့နယ်မှာ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း) Photo - MOI

ဆင်ခြေထောက်ရောဂါကာကွယ်ရေးအတွက် သန်ချဆေးပေါင်းတွေကို ၂၀၁၃ ခုနှစ်က စတင်ပြီး ၅ ကြိမ် တိုက်ကျွေးခဲ့ပြီးနောက် အကြိုစစ်ဆေးမှုတွေလုပ်ခဲ့ရာ ရောဂါပိုးတွေ့ရှိနေသေးတာကြောင့် ရောဂါအမြစ်တွယ်နေဆဲဖြစ်တဲ့ ခရိုင် ၄၅ ခုမှာ ဇန်နဝါရီလ ၂၂ ရက်ကနေ ၃၁ ရက်အထိ သန်ချဆေးပေါင်းတွေကို အိမ်တိုင်ရာရောက် လိုက်လံတိုက်ကျွေးသွားမှာဖြစ်တယ်လို့လည်း ဒေါက်တာအေးမွန်ကျော်က မီဒီယာတွေကိုပြောပါတယ်။

လူတိုင်းကိုပိုးစစ်ပေးဖို့ အဆင်မပြေတဲ့အတွက် ကာကွယ်ဆေးတိုက်ရတာပါ။ ပိုးစစ်ကြည့်လို့ ပိုးရှိနေရင်တော့ ဆေး၁၂ရက်သောက်ရမယ်။ အကြိုစစ်ဆေးတာလုပ်တုန်းကလည်း positive တွေတွေ့ရတယ်။ အဲ့လိုဆိုဆေး၁၂ရက်သောက်ရမှာ။ ကာကွယ်ဆေးကတော့ တိုက်တဲ့နေ့မှာ တစ်ကြိမ်ဘဲသောက်ရမယ်” လို့ ဒေါက်တာအေးမွန်မွန်ကျော်က ဆိုပါတယ်။

သန်ချဆေးပေါင်းတွေကို အသက် ၂ နှစ်အရွယ်က စတင်တိုက်နိုင်ပြီး ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ အသက်ကြီးပြီး ရောဂါကြောင့် အိပ်ယာထဲလဲနေတဲ့ လူနာတွေကလွဲပြီး မည်သူမဆို အားလုံးသောက်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါဆေးတွေကို အိမ်၊ ရုံးနဲ့ အခြေခံပညာကျောင်းတွေမှာ လိုက်လံတိုက်ကျွေးမှာဖြစ်ပြီး အရင်နှစ်က မသောက်ခဲ့ရသူတွေလည်း အခုတစ်ကြိမ်သောက်သုံးရင် ရောဂါကာကွယ်နိုင်မှာဖြစ်ပါတယ်။

“ပထမနှစ်မှာတခြားရောဂါကြောင့်သေတာကို ဆင်ခြေထောက်ဆေးတိုက်တဲ့အချိန်နဲ့တိုက်ဆိုင်နေတော့ ကြောက်ကြတယ်။ အခုနှစ်ပိုင်းတော့ သောက်လာကြတယ်။ ဒီနှစ်လည်း အခြေခံပညာကျောင်းတွေမှာတိုက်ဦးမှာပါ” လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးမိုးက ပြောပါတယ်။

၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဆင်ခြေထောက် ရောဂါကင်းစင်တဲ့ နိုင်ငံဖြစ်ဖို့ မျှော်မှန်းထားပေမယ့် ပြည်သူ့ကျန်းမာရေးပြသာနာတစ်ခုအဖြစ်ရှိနေဆဲလို့ သိရပါတယ်။ ကျူးလက်စ်ခြင် အကိုက်ခံရမှုကနေတစ်ဆင့် သန်ကောင်ပိုး လူမှာကူးစက်ခံရကာ ဆင်ခြေထောက်ရောဂါ ဖြစ်ပွားတတ်ပြီး ချက်ချင်းသေဆုံးနိုင်တာ မဟုတ်ပေမယ့် ခြေလက်အဂါၤပုံသဏ္ဍာန် ပျက်ယွင်းစေကြောင်း သိရပါတယ်



က္က