IBEC ဘကကျောင်းက သီလရှင်တစ်ပါးပါ။
Ei Ei Htun

ကယ်ဆယ်ရေးအဖွဲ့က မနေ့ကတံတားပေါ်က ခုန်ချတဲ့သူအလောင်းကိုရှာဖွေနေရင်း သီလရှင်တစ်ပါးက တံတားပေါ်က ခုန်ချတာကို လှမ်းမြင်လိုက်တာကြောင့် အချိန်မီ အသက်ရှင်လျှက်ကယ်တင်နိုင်ခဲ့တာပါ။

photo- စစ်ကိုင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

ဒီကနေ့ စက်တင်ဘာလ (၃၀)ရက်နေ့ မနက်(၁၁)ခွဲအချိန်လောက်က (၉)တန်းကျောင်းသူ သီလရှင်တစ်ပါးဟာ ဧရာဝတီတံတားရတနာပုံ စစ်ကိုင်းဘက်ခြမ်းကခုန်ချခဲ့တာကြောင့် စစ်ကိုင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကအချိန်မီကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။

“ ကျွန်တော်တို့က မနေ့က တံတားအဟောင်းပေါ်က ခုန်ချတဲ့သူအလောင်းကိုရေထဲမှာရှာနေတာ။ ရှာနေစဉ်မှာပဲ အခုသီလရှင် တံတားပေါ်ကခုန်ချတာကိုမြင်လိုက်တာ။ ပြောရရင်ကျွန်တော်တို့ရှေ့မှာပဲ ခုန်ချသလိုဖြစ်သွားတာပေါ့။ မြင်လိုက်တော့ ကျွန်တော်တို့စက်လှေနဲ့ ငါးဖမ်းစက်လှေတစ်စီးရယ် နှစ်စီးအတူလိုက်ဆယ်တာ။ သူကရေထဲမှာ ပေါ်လိုက် ၊ မြုပ်လိုက်ဖြစ်နေတာ။ ကျွန်တော်တို့အချိန်မီကယ်လိုက်တဲ့သဘောပေါ့။ သတိတော့ရတယ် သူပြောတာတော့ (၉)တန်းကျောင်းသူ IBEC ဘကကျောင်းကလို့ပြောပြီး ကျောင်းကိုပြန်မပို့ပါနဲ့ပဲပြောနေတာ။ တခြားဘာမှတော့မေးလို့မရသေးဘူး” လို့ စစ်ကိုင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှာ အတွင်းရေးမှူး ဦးစိုးမင်းဦးက Duwun ကိုပြောပါတယ်။

photo- စစ်ကိုင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

သီလရှင်က ရေမွှန်းပြီး အသက်ရှူကြပ်နေတာကြောင့် စစ်ကိုင်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ မနေ့ကတံတားပေါ်ကခုန်ချတဲ့ အသက်(၅၁)နှစ်အရွယ်အမျိုးသားအလောင်းကိုတော့ ရှာဖွေနေဆဲဖြစ်ပြီး သူ့မိသားစုဝင်တွေပြောပြချက်အရ ခုန်ချတဲ့သူက နှစ်လုံးရောဂါသည်ဖြစ်တယ်လို့ ဦးစိုးမင်းဦးက ပြောပါတယ်။ အခုသီလရှင်ရဲ့ တံတားပေါ်ကခုန်ချမှုဟာလည်း ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုမြောက်တာကြောင့် ရဲဘက်ဆိုင်ရာအရစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ 


က္က