၀က်အရှင်နဲ့ ဝက်ထွက်ပစ္စည်းတွေ ဖြစ်တဲ့ ဝက်သား၊အေးခဲဝက်သား၊ဝက်ပေါင်ခြောက်၊ဝက်အူချောင်းတွေ တင်သွင်းမှုကန့်သတ်ထားတာပါ။

တရုတ်နိုင်ငံမှာ အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေမှုကြောင့် မြန်မာနိုင်ငံတွင်းသို့ ဝက်နဲ့ ဝက်ထွက်ပစ္စည်း တင်သွင်းမှုတွေ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

Photo- nationalhogfarmer.com (တရုတ်နိုင်ငံရှိ ဝက်သားရောင်းချသည့် ဆိုင်ကို တွေ့ရစဉ်)



တရုတ်နိုင်ငံမှာ အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားနေပြီး ဝက်အများအပြား သေဆုံးနေရာ မြန်မာနိုင်ငံကို ရောဂါပိုး ကူးစက်ဝင်ရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ဖို့ အတွက် ဝက်တွေ တင်သွင်းမှု ယာယီ ကန့်သတ်ထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကနေ သိရပါတယ်။

တရုတ်နဲ့ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေကနေ ဝက်အရှင်နဲ့ ဝက်ထွက်ပစ္စည်းတွေဖြစ်တဲ့ ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနဲ့ အခြား ဝက်ထွက်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ပေါက်တွေနဲ့ လေဆိပ်၊ ရေဆိပ် တွေမှတစ်ဆင့် သယ်ယူတာ၊ ဝယ်ယူတာနဲ့ ရောင်းချတာတွေ မပြုလုပ်ဖို့ ယာယီ တားဆီးပိတ်ပင်ထားပါတယ်။

ဒါ့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားမဝင် အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနဲ့ အခြား ဝက်ထွက်ပစ္စည်းတွေကို တင်သွင်းခြင်း၊ သယ်ယူခြင်းနဲ့ ရောင်းချခြင်းကို တားဆီးပိတ်ပင်မှုတွေလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

အာဖရိက ဝက်အပြင်းဖျားရောဂါရဲ့ လက္ခဏာတွေမှာ ကိုယ်ပူချိန် မြင့်တက်လာတာ၊ အစားအသောက်ပျက်တာ၊ အန်တာ၊ ဝမ်းလျှောတာ၊ အသက်ရှုရခက်ခဲခြင်းနဲ့ မတ်တပ်ရပ်ဖို့ ခက်ခဲခြင်းတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။ အဆိုပါ ရောဂါဟာ ဝက်သားနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေမှ တစ်ဆင့် ဖြစ်ပွားတတ်ပြီး လူတွေအတွက် အန္တရာယ်ရှိနိုင်ကြောင်း သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က