မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ သံသယဖြစ်ဖွယ်လူနာမရှိ

တရုတ်နိုင်ငံ ဝူဟန် မြို့မှာ ကူးစက်ပြန့်ပွားနေတဲ့ အဆုတ်ရောင်ဗိုင်းရပ်စ်ပိုးကြောင့် မြန်မာနိုင်ငံ ရဲ့ လေဆိပ်တွေမှာ တရုတ်နိုင်ငံကနေ ဝင်ရောက်လာသူတွေကို စောင့်ကြည့်စစ်ဆေးမှုတွေ ထပ်တိုးလုပ်ဆောင်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကနေ သိရပါတယ်။

Photo- Getty Images

မန္တလေးလေဆိပ်၊ ရန်ကုန်လေဆိပ်၊ နေပြည်တော်လေဆိပ်နဲ့ ညောင်ဦးလေဆိပ်တွေမှာ နိုင်ငံတကာမှ ဝင်ရောက်လာသူတွေ ၊ အထူးသဖြင့် တရုတ်နိုင်ငံက ဝင်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေကို ပိုပြီး အင်အားဖြည့်လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဧရာဝတီတိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က Duwun ကိုပြောပါတယ်။

“ လေဆိပ်တင်မကဘူး။ တရုတ်နယ်စပ် မူဆယ် တာချီလိတ်က နယ်စပ်ဝင်ပေါက်တွေ၊ နောက်ပြီးတော့ ထိုင်းနယ်စပ် မြဝတီ၊ မဲဆောက်၊ ဘုရားသုံးဆူ၊ မဲဆိုင် ဘက်တွေမှာလည်း ကျွန်တော်တို့ စစ်ဆေးမှုတွေလုပ်နေပါတယ်။ တရုတ်နိုင်ငံမှာ ဖြစ်ပွားတယ်လို့သိရကတည်းက စောင့်ကြည့်စစ်ဆေးမှုတွေကို ထပ်တိုးလုပ်ဆောင်နေတာပါ။ အခုထိတော့ သံသယဖြစ်ဖွယ် လူနာမတွေ့ရသေးဘူး” လို့ ဒေါက်တာသန်းထွန်းအောင်က ဆိုပါတယ်။

သံသယဖြစ်ဖွယ်လူနာရှိလာခဲ့ရင်လည်း လူနာတွေ လွှဲပြောင်းပေးနိုင်ဖို့ အစီအစဉ်တွေ ပြုလုပ်ထားပြီး Isolation Ward တွေလည်း ပြင်ဆင်ထားတယ်လို့သိရပါတယ်။

ကျန်းမာရေးသတိပေးထုတ်ပြန်ချက်

ဒါ့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး ပင်လယ်စာရောင်းတဲ့ဆိုင်တွေမှာ တရုတ်နိုင်ငံကဝင်လာတဲ့ ပင်လယ်ထွက်ကုန်ပစ္စည်းတွေဟုတ် မဟုတ် ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

အခုလို ဆောင်းရာသီကာလမှာ ချောင်းဆိုး၊ရင်ကြပ်၊ အဆုတ်ရောင်ရောဂါစတဲ့ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်တာကြောင့် သတိပြုကြဖို့ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က