ပြင်ဆင်ချိန်(၁)လခန့်ကြာမြင့်မှာပါ။
Ei Ei Htun

တံတားပြင်ဆင်နေချိန်အတွင်း ယခင်အမှတ်(၁)တံတားကပြေးဆွဲနေတဲ့ YBS (၂၀)၊ (၂၃)နဲ့ (၈၅)ယာဉ်လိုင်းတွေကို အမှတ်(၂)တံတားကပြောင်းလဲပြေးဆွဲခိုင်းတာကလွဲလို့ ကျန်တာထူးထူးခြားခြားပြောင်းလဲမှုမရှိဘူးလို့ YRTA အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။ 

photo- ဆောက်လုပ်ရေးဝန်ကြီးဌာန

ဘုရင့်နောင်တံတားအမှတ်(၁)ရဲ့ပြင်ဆင်မှုကို ယခုအောက်တိုဘာလ(၅)ရက်နေ့မှာ စတင်ပြီး လုပ်ငန်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တံတားပြင်ဆင်စဉ်ကာလအတွင်းယာဉ်လိုင်းပြေးဆွဲမှုလမ်းကြောင်းတွေကိုလည်း ပြင်ဆင်သွားမှာဖြစ်တယ်လို့ စက်တင်ဘာလ(၂)ရက်နေ့ကပြုလုပ်တဲ့ YRTAသတင်းစာရှင်းလင်းပွဲကနေသိရပါတယ်။



“ တံတားပြင်ဆင်မှုကာလက တစ်လလောက်ကြာမြင့်မယ်လို့ လက်ရှိအခြေအနေအရဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သတင်းရရှိထားပါတယ်။ ဒီတံတားမှာ YBSယာဉ်လိုင်း (၆)လိုင်းက တံတားအမှတ်(၁)နဲ့ (၂)ကို အသုံးပြုပြီး ပြေးဆွဲနေတာပါ။ယာဉ်လိုင်း(၆)လိုင်းမှာ တံတားအမှတ်(၁)မှာအသွားဖြတ်ပြီး အမှတ်(၂)မှာ အပြန်ဖြတ်တဲ့ယာဉ်လိုင်းတွေက YBS (၂၀)၊ (၂၃)နဲ့ (၈၅)ဖြစ်ပါတယ်။ ကျန်တဲ့ (၃)လိုင်းကတော့ တံတားအမှတ်(၂)ကိုပဲ အသွား၊အပြန်ဖြတ်တယ်။ ယာဉ်လိုင်းပြေးဆွဲမှုကို အဓိကပြင်ဆင်ရမှာက အမှတ်(၁)တံတားရဲ့ အဝင်လမ်းကြောင်းကို ပြေးဆွဲတဲ့ YBS (၂၀)၊ (၂၃)နဲ့ (၈၅)ယာဉ်းလိုင်းတွေကို အမှတ် (၂)တံတားကပဲ အသွား၊အပြန်ဖြတ်လို့ရအောင် စီစဉ်သွားမှာဖြစ်တယ်” လို့ YRTA အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။

photo- ဆောက်လုပ်ရေးဝန်ကြီးဌာန

တံတားအမှတ်(၁) ပြင်ဆင်ချိန်မှာ တံတားအမှတ်(၂)ကိုပဲအသုံးပြုရမှာဖြစ်လို့ အမှတ်(၂)တံတားကို အဝင်(၂)လမ်းနဲ့ အထွက်(၂)လမ်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“တံတားပြင်ဆင်မှုကြောင့် YBS (၂၀)၊ (၂၃)နဲ့ (၈၅)ယာဉ်တွေဟာ အမှတ်(၂)ကိုပြောင်းလဲပြေးဆွဲခြင်းသာပြောင်းလဲမှာဖြစ်ပြီး ကျန်တာပြောင်းလဲတာမရှိဘူး။ ယာဉ်ကြောကြပ်တည်းမှုတော့ အနည်းငယ်ရှိနိုင်တယ်” လို့ ဦးလှအောင်ကပြောပါတယ်။

တံတားပြင်ဆင်မှုကလည်း လုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်တဲ့အတွက် တံတားပြင်ဆင်ချိန်မှာ ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့အောင် YRTAအနေနဲ့ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။


က္က