Yangon Innovation Center ဖွင့်ပွဲမှာပြောခဲ့တာပါ။

လူငယ်တွေကို မှန်ကန်တဲ့ ထောက်ပံ့မှုတွေ၊ ကောင်းမွန်တဲ့လမ်းပြမှုတွေ ဖန်တီးဖြေရှင်းပေးလိုက်မယ်ဆိုရင် နိုင်ငံရဲ့ အိမ်မက်တွေ ဖော်ဆောင်ရာမှာ လူငယ်တွေ တက်တက်ကြွကြွနဲ့ ပါဝင်လာမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Photo- YRG

ဇူလိုင်လ ၁၇ ရက်က ရန်ကုန်မြို့ ၊ ဆိပ်ကမ်းမြို့နယ် ကျန်းမာရေးဆိပ်ကမ်းဝင်းမှာ ပြုလုပ်ခဲ့တဲ့ Yangon Innovation Center ဖွင့်ပွဲ အခမ်းအနား တက်ရောက်စဉ်မှာ ပြောကြားခဲ့တာပါ။တိုးတက်ပြောင်းလဲဆန်းသစ်နေတဲ့ ကမ္ဘာနဲ့ လိုက်လျောညီထွေနိုင်အောင် လုပ်ဆောင်ရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပညာရေးစနစ် အဆင့်မြှင့်တင်ပေးဖို့၊ အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးစနစ်ကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲဖို့နဲ့ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတို့ကို အားပေးမြှင့်တင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အခု အသစ်ဖွင့်လှစ်လိုက်တဲ့ Yangon Innovation Center (ရန်ကုန်ဆန်းသစ်တီထွင်မှု ဗဟိုဌာန) ဟာ လူငယ်တွေအတွက် နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုကို အားပေးဖို့ စတင်တဲ့ခြေလှမ်းဖြစ်ပြီး လူငယ်တွေက အဆိုပါ ဌာနမှာ နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထ ထူထောင် လာနိုင်မယ်လို့ ပြောခဲ့ပါတယ်။

Photo- YRG

ဆန်းသစ်တီထွင်မှုတွေ ပေါ်ပေါက်လာရင် ဒီဂျစ်တယ်ဈေးကွက်ဝင်ထုတ်လုပ်မှုတွေ ပြုလုပ်လာနိုင်မှာ ဖြစ်တာကြောင့် ဒီကဏ္ဍမှာ ပါဝင်သူတွေကို များများအားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ မူဝါဒအပိုင်းနဲ့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပြီး လူငယ်တွေ စွန့်ဦးတီထွင်ဆန်းသစ်ဖန်တီးနိုင်ရေးအတွက် ပူးပေါင်းပါဝင်ကူကြဖို့ ပြည်တွင်းပြည်ပ တက္ကသိုလ်တွေ၊ လေ့လာဆန်းသစ်မှုဗဟိုဌာနတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပါတယ်ဆိုပြီး အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ပူးပေါင်းပါဝင်မှုတွေ ရရှိပါက လာမယ့် နှစ်အနည်းငယ်အတွင်းမှာ လူငယ်တွေရဲ့ စိတ်ကူးသစ်အကြံဉာဏ်သစ်တွေ ပွင့်ထွက်လာပြီး ဈေးကွက်တင်နိုင်တဲ့ ထုတ်လုပ်မှုအသစ်တွေ၊ ဝန်ဆောင်မှုအသစ်တွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။

အခုအသစ်ဖွင့်လှစ်လိုက်တဲ့ Yangon Innovation Center မှာ စုပေါင်းအလုပ်ရုံ၊ စိတ်တူကိုယ်တူ ရှိသူတွေနဲ့ ပူးပေါင်းအလုပ်လုပ်နိုင်ဖို့ ဈေးနှုန်းသင့်တင်တဲ့ ခေတ်မီခန့်ညားတဲ့ လုပ်ငန်းခွင်နေရာ၊ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ပညာရပ်တွေကို သင်ကြားပေးမယ့် (၃) လတာသင်တန်း၊ (၆) လတာသင်တန်း၊ တီထွင်ဖန်တီးမှု၊ စွန့်ဦးတီထွင်မှုဆိုင်ရာ ဟောပြောဆွေးနွေးပွဲတွေကို ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး Yangon Region Young Entrepreneurs Association (YRYEA) ဦးဆောင်မှုနဲ့ နည်းပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှု ပြပွဲမှုတွေကိုလည်း ဇူလိုင်လ(၁၇)ရက်နှင့် (၁၈)ရက်တို့မှာ Yangon Innovation Centerမှာ ကျင်းပမှာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က