တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကို AA သောင်းကျင်းသူအဖွဲ့ ဝင်ရောက်တိုက်ခိုက်မှုကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြင်းထန်စွာပြစ်တင်ရှုတ်ချပါကြောင်း ဇန်နဝါရီ ၆ ရက်က သတင်းထုတ်ပြန်ပါတယ်။


Photo- Ministry of Home Affairs, Myanmar


ဇန်နဝါရီ ၄ ရက် မနက်ပိုင်းတုန်းက AA သောင်းကျန်းသူအဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ ရဲကင်းစခန်း ၄ ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုကြောာင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။


Photo- Ministry of Home Affairs, Myanmar

အစိုးရအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ အလေးထားဆောင်ရွက်နေချိန်မှာ အခုလို အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်တွေကြောင့် အခြေအနေများကိုပိုမိုရှုပ်ထွေးစေတယ်လို့ ကော်မရှင်က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးစေပြီး ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ထိခိုက်စေ နိုင်တဲ့အပြင် နိုင်ငံတော်အစိုးရက ဖော်ဆောင်နေတဲ့အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း များစွာထိခိုက်မှု ဖြစ်စေနိုင်တယ်လို့ လူ့အခွင့်အရေးကော်မရှင်ကနေ ထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်ရဲကင်းစခန်း၊ ကျောင်းတောင်ရဲကင်းစခန်း၊ ဂုပ္ပိ ရဲကင်း စခန်း၊ခထီးလှ ရဲကင်းစခန်းတွေကို AA သောင်းကျန်းသူအဖွဲ့က ဇန်နဝါရီ ၄ ရက် မနက်၆ နာရီ ၄၅ မိနစ်မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ငမြင်းဘော်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိပြီး ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရရှိကာ ခထီးလှ ရဲကင်းစခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။

လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ပြီး၊ AA သောင်းကျန်းသူအဖွဲ့ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့ များက ပိတ်ဆို့ ရှင်းလင်းလျက်ခဲ့ရာ ရဲကင်းစခန်းတွေရှိတဲ့ ကျေးရွာ ၄ ရွာမှ တိုင်းရင်းသားတွေလည်း နေရပ်ကနေစွန့်ခွာတိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ အခုလို AA သောင်းကျန်းသူအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ် ထွေးစေပြီး ပြည်သူများရဲ့အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က