Grade A.B,C စသဖြင့် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။
Mi Thawdar Aung

အခြေခံပညာသင်ရိုးသစ်မှာ သူငယ်တန်း (KG) တန်းကနေ ၁၂ တန်း (Grade 12) ထိပါဝင်လာမှာဖြစ်ပြီး Grade 12 အတန်းမှာ ကျောင်းသားများအနေနဲ့ စာမေးပွဲ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ အခြေခံပညာပြီးမြောက်မှု လက်မှတ် ပေးမယ်လို့ ပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပခဲ့စဉ်။

Grade 12 အတန်းကို တက်ရောက်တဲ့ ကျောင်းသားတိုင်းကို အဆိုပါ လက်မှတ်ရမှာ ဖြစ်ပြီး ကလေးတွေရဲ့ ကျွမ်းကျင်မှု၊  ဆောင်ရွက်ချက်တွေအရ Grade A,B,C ဆိုပြီး သတ်မှတ်ပေးသွားမယ်လို့ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်လတ်ထွန်းက Duwun ကိုပြောပါတယ်။

“ အဲဒီလက်မှတ်မှာ ပညာရေး၊ အားကစား၊ ကျောင်းခေါ်ကြိမ် စတဲ့ Criteria (စံသတ်မှတ်ချက်) တွေရှိတယ်။ Grade 12 တက်ရောက်သူတိုင်းအခြေခံပညာပြီးမြောက်မှု လက်မှတ်ရမယ်။ ဒါပေမယ့် ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်အလိုက် Grade အလိုက်သတ်မှတ်ပေးမယ်” လို့ ဒေါက်တာ ဇော်လတ်ထွန်းက ဆိုပါတယ်။

အခြေခံပြီးမြောက်ခြင်းလက်မှတ်မှာ ရရှိတဲ့ Grade A,B,C အစရှိတဲ့ အပေါ်မူတည်ပြီး တက္ကသိုလ်ဝင်ခွင့်၊ သက်မွေးပညာသင်တန်းကျောင်း၊ လုပ်ငန်းခွင်တွေအထိပါဝင်ရောက်နိုင်အောင် ပံ့ပိုးပေးထားတယ်လို့သိရပါတယ်။

သင်ရိုးသစ်တွေကို ပြန်လည်ပြင်ဆင်ရေးဆွဲရာမှာ  KG တန်း (သူငယ်တန်း) ကနေ Grade 11 (ဧကဒဿမတန်း) အထိကို မူလလက်ဟောင်း သင်ရိုးကို အခြေခံကာ ပြောင်းလဲ ပြင်ဆင်ရေးဆွဲနေတာလည်းဖြစ်ပါတယ်။

Grade 12 အတွက် သင်ရိုးကတော့ အသစ် နီးပါး ဖြစ်လာမှာဖြစ်ပြီး ပြင်ဆင်ထားပြီးသား အခြေခံပညာသင်ရိုးသစ်၊ တက္ကသိုလ်မှာသင်ရမည့်သင်ရိုးသစ်တွေကို ချိတ်ဆက်ပြီး Grade 12 အတွက် ရေးဆွဲမယ်လို့ သိရပါတယ်။

“ အများစုကတော့ Grade 12 မှာ နောက်ဆုံးစာမေးပွဲမရှိတော့ဘူးလို့ ထင်ကြပါတယ်။ ဆရာတို့က အကဲဖြတ်စစ်ဆေးမှုကို ထိရောက်တဲ့ပုံစံတစ်နည်းနဲ့ ဆောင်ရွက်ဖို့တော့ ရှိပါတယ်။ “ လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်းက Duwun ကို ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာသင်ရိုးသစ်တွေကို ပြောင်းလဲပြင်ဆင်ရေးဆွဲနေပြီး အဆိုပါသင်ရိုးသစ်မှာ KG တန်း (သူငယ်တန်း) ကနေ Grade 12 (ဒွါဒဿမတန်း) အထိ တက်ရောက်သင်ကြားရမှာဖြစ်ပါတယ်။


Author


က္က