(၁၉)နှစ်အရွယ် ပထမနှစ်ကျောင်းသားသေဆုံးခဲ့တာပါ။
Ei Ei Htun

ရေဆင်းကူးတဲ့ ကျောင်းသား(၇)ဦးထဲကမှ (၂)ဦးရေနစ်ခဲ့ရာ တစ်ဦးကိုကျောင်းသားတစ်ယောက်ကကယ်တင်နိုင်ခဲ့ပြီး ကျန်တစ်ဦးကို လက်လှမ်းဆွဲရာမှာ မမှီလိုက်ပဲ ရေနစ်သွားခဲ့တာဖြစ်တယ်လို့ ကလေးမြို့မီးသတ်ဦးစီးဌာနမှ ဒုဦးစီး ဦးဟိန်းဇော်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းက ကျောင်းသား(၇)ဦးဟာ ဖောင်ကူးမြစ်နဲ့ မြစ်သာမြစ်ဆုံရာမှာ ရေဆင်းကူးရာကနေ ကျောင်းသားတစ်ဦးရေနစ်သေဆုံးခဲ့တယ်လို့ ကလေးမြို့ မီးသတ်ဦးစီးဌာနကသိရပါတယ်။ အောက်တိုဘာ (၃၁)ရက်နေ့ ညနေက(၅)နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေနစ်သေဆုံးသွားတဲ့ကျောင်းသားရဲ့ရုပ်အလောင်းကိုတော့ ဒီကနေ့ နိုဝင်ဘာလ(၁)ရက်နေ့ မနက်(၉)နာရီလောက်ကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကတွေ့ရှိခဲ့ပါတယ်။

Photo- Myanmar Fire Services Department

"မနေ့က ညနေ(၅)နာရီလောက် ကျောင်းသား(၇)ဦးကရေဆင်းကူးကြတယ်လို့ပြောတယ်။ သူနာပြုသင်တန်းကျောင်းက ပထမနှစ်ကျောင်းသား(၅)ဦးနဲ့ ဒုတိယနှစ်ကျောင်းသား(၂)ဦး။ အစောပိုင်းရေနစ်တာက (၂)ယောက်နစ်တာ။ အဲဒါကို သူတို့ထဲကကျောင်းသားတစ်ဦးက ရေနစ်တဲ့နှစ်ယောက်တည်းက တစ်ယောက်ကိုအရင်ဆယ်ပြီး ကမ်းပေါ်ကိုပြန်ပို့တယ်။ အခုသေသွားတဲ့တစ်ယောက်ကို ပြန်ကယ်ဖို့ လက်လှမ်းအဆွဲမှာ လက်ကိုမမီလိုက်တော့တာလို့ပြောတယ်။ သေဆုံးတဲ့ကျောင်းသားက အသက်(၁၉)နှစ်အရွယ် ပထမနှစ်ကျောင်းသား” လို့ ကလေးမြို့မီးသတ်ဦးစီးဌာနမှ ဒုဦးစီး ဦးဟိန်းဇော်က Duwun ကိုပြောပါတယ်။

Photo- Myanmar Fire Services Department

ရေနစ်သေဆုံးခဲ့တဲ့ကျောင်းသားရဲ့ရုပ်အလောင်းကိုတော့ အောက်တိုဘာလ(၃၁)ရက်နေ့ ညနေ(၅)နာရီခွဲလောက်ကနေ ည(၈)နာရီထိရှာဖွေခဲ့ပေမယ့်မတွေ့ရှိခဲ့ပါဘူး။ ဒီကနေ့ နိုဝင်ဘာလ(၁)ရက်နေ့ မနက်(၇)နာရီကနေစတင်ပြီး ရှာဖွေရေးလုပ်ငန်းဆောင်ရွက်ရာမှာ (၉)နာရီလောက်မှာတော့ ကျောင်းသားတွေရေဆင်းကူးတဲ့နေရာနဲ့ (၁၅)ပေအကွာလောက်မှာ အလောင်းကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒုဦးစီး ဦးဟိန်းဇော်ကပြောပါတယ်။

ကျောင်းသားရဲ့ရုပ်အလောင်းကို ကလေးဆေးရုံကြီးကို ပို့ဆောင်ထားပြီး ရဲဘက်ဆိုင်ရာက သေမှုသေခင်းနဲ့ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ 


က္က