ဒီကနေ့ကနေ စတင်ပိတ်လိုက်တာပါ
Thin Nu Swe

COVID-19 ရောဂါမပြန့်ပွားစေရေကာကွယ်ဆောင်ရွက်နိုင်ဖို့နဲ့ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်အောင် စီမံဆောင်ရွက်တာဖြစ်ပြီး စည်းကမ်းဖောက်ဖျက်မှုရှိလာခဲ့ပါက ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။

ဘုရင့်နောင်ပွဲရုံထဲက ကြက်သွန် ၊အာလူး အပါအဝင် စားသောက်ကုန်တွေရောင်းချတဲ့ ပွဲရုံတန်း ​ရေတမာလမ်းကို မနက် ၈ နာရီကနေ ညနေ ၃ နာရီအတွင်း ကားဖြတ်သန်းသွားလာခွင့် ကို ကန့်သတ်လိုက်ပြီဖြစ်ပါတယ်။

ဒီထဲမှာ ၈ ဘီး ကား (ယာဉ်+ ကုန် ၂၁ တန် မှစပြီး ၂၁ တန်အထက် မော်တော်ယာဉ်အားလုံး ၈ ဘီး ၊ ၁၀ ဘီး၊ ၁၂ ဘီး ၊ ၁၄ ဘီး တွေပါဝင်သလို ကုန်သေတ္တာယာဉ် ၁၀ ဘီး၊ ၁၂ ဘီး ၊ ၁၄ ဘီး၊၁၈ ဘီး ၊ ၂၂ ဘီး တွေလည်းပါပါတယ်။ဒါ့အပြင် တွဲကားတွေဖြစ်တဲ့ ၁၄ ဘီး၊ ၁၈ ဘီး၊ ၂၂ ဘီးအားလုံးဟာ ဖြတ်သန်းသွားလာခွင့်မရှိဘူးလို့ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းသားယာရေးနှင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။

"အဓိက ဒီ​ရေတမာလမ်းက ကြက်သွန်၊ အာလူး၊ စားသောက်ကုန်တွေများတယ်။ ခုက စားသောက်ကုန်ကအရမ်းအရေးကြီးနေတော့ ၊ဝင်တဲ့လူကဝင် ရောင်းတဲ့သူကရောင်းဆိုတော့ လမ်းတွေက ကြပ်တော့ ဝင်ခွင့်ပိတ်လိုက်တာ၊ ၈ ဘီးအထက်ပိတ်လိုက်တာ ။အရင်ကတော့ကြက်သွန်၊ အာလူးက ပုံမှန်ပဲစားကြတာ၊ အခုကစားသောက်ကုန်က အရေးကြီးချိန်ဖြစ်တော့ ဒီလမ်းက ကြပ်သလိုဖြစ်တယ်၊လမ်းက တစ်လမ်းပိတ်ရင် ​နောက်လမ်းတွေပါပိတ်သွားတယ်၊ဒါကြောင့်လည်းပါတယ်။ " လို့ ဘုရင့်နောင်ပွဲရုံဝန်းမှ ကောင်းထက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင် ကိုဟိန်းကပြောပါတယ်။

ဒါကြောင့် မော်တော်ယာဉ်တွေအနေနဲ့ ရေတမာလမ်းက ပွဲရုံ ဥပစာရှေ့မှာ ရပ်နားခြင်း၊ရပ်တန့်ခြင်း၊ ကုန်တင် ၊ကုန်ချ ပြုလုပ်ခြင်း၊ရေတမာလမအတွင်းကိုဖြတ်သန်းသွားလာခြင်း မပြုလုပ်ရတော့ပါဘူး။ ဒါဟာ ကိုဗစ် ၁၉ ရောဂါမပြန့်ပွားစေရေကာကွယ်ဆောင်ရွက်နိုင်ဖို့နဲ့ ရေတမာလမ်း ယာဉ်ကြောပိတ်ဆို့မှုမဖြစ်အောင် စီမံဆောင်ရွက်တာဖြစ်တယ်လို့သိရပါတယ်။

တကယ်လို့ စည်းကမ်းဖောက်ဖျက်မှုရှိလာခဲ့ပါက ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး အရေးယူမှုကိုတော့ လာမယ့် ဧပြီလ ၂၇ ရက်မှာစတင်ဆောင်ရွက်မယ်လို့သိရပါတယ်။

ဘုရင့်နောင် ပွဲရုံအတွင်း လမ်းပေါင်း ၇ လမ်းရှိပြီး ယုဇနလမ်း၊ ပိတောက်လမ်း ၊ရေတမာလမ်း၊ စိန်ပမ်းလမ်း၊ငုဝါလမ်း ၊အောင်သပြေလမ်း၊ခရေလမ်းတို့ဖြစ်ကြပါတယ်။ လက်ရှိမှာ ဘုရင့်နောင်ဝန်းအတွင်း ပွဲရုံ ၉၀ ရာခိုင်နူန်းဝန်းကျင် ပြန်လည်ဖွင့်လှစ်ပြီး လုပ်ငန်းလည်ပတ်နေပြီဖြစ်ပါတယ်။ 

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်)


က္က