loading...

loading...

loading...

ရွှေပြည်သာမြို့နယ်မှာ အိမ်ခန်းတွေ စတင်ဆောက်နေပါပြီ။
Mi Thawdar Aung

ဝင်ငွေနည်းပါးပြီး နေထိုင်ရေး အခက်အခဲကြုံတွေ့နေတဲ့ ကျုးကျော်နေထိုင်သူတွေအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် (၆) မြို့နယ်မှာ အိမ်ခန်းများ ဆောက်လုပ်ပေးသွားမယ်လို့ Women For The World အဖွဲ့ကနေ သိရပါတယ်။

Photo- Women For The World (ရွှေပြည်သာမြို့နယ်ရှိ ဆောက်လုပ်နေတဲ့ အိမ်ခန်းများ)

တောင်ဒဂုံမြို့နယ်၊ အရှေ့ဒဂုံမြို့နယ်၊ ရွှေပေါက်ကံ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တို့မှာ ဆောက်လုပ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကနဦးစီမံချက်အနေနဲ့ ရွှေပြည်သာမြို့နယ်မှာ အိမ်ခန်း (၂၆၄) လုံး ကို ဒီဇင်ဘာလကုန်မှာ အပြီးသတ် တည်ဆောက်သွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ နေထိုင်ခွင့်ရမယ်လို့ Women For The World အဖွဲ့တည်ထောင်သူ ဒေါ်ဗန်လီဇာအောင်က Duwun ကိုပြောပါတယ်။

“ အိမ်ခန်းနေထိုင်ခွင့်ကို မဲနှိုက်မရွေးဘူး။ တချို့မိသားစုတွေက အိမ်ဌားနေရတာ၊ ကျုးကျော်နေရတာက အဆင်ပြေနေသေးတယ်။ တစ်ချို့နေရာတွေက ချက်ချင်းရွှေ့ပေးရတာရှိတယ်။ ဒီအိမ်ခန်းတွေက တကယ်ကို နေစရာ အခက်အခဲရှိနေတဲ့သူတွေကို ဦးစားပေးရွေးချယ်မယ်” လို့ ဒေါ်ဗန်လီဇာအောင်က ဆိုပါတယ်။

Photo- YRG (ရွှေပြည်သာမြို့နယ်ရှိ ဆောက်လုပ်နေတဲ့ အိမ်ခန်းများ)

အိမ်ခန်းတစ်လုံးတန်ဖိုးမှာငွေကျပ် သိန်း (၃၀) ဖြစ်ပြီး အကြေပေးသွင်းနိုင်သလို KEB Hana Microfinance Limited မှာ ငွေချေးပြီး အရစ်ကျပေးဆပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ အရစ်ကျပေးလိုရင် သိန်း ၃၀ ကို လပေါင်း (၇၀) နဲ့ အကြေဆပ်နိုင်တယ်။ တစ်လကို ၈ သောင်းနီးပါးတော့ ပေးသွင်းရမှာပါ” လို့ ဒေါ်ဗန်လီဇာအောင်က Duwun ကိုပြောပါတယ်။

ကျုးကျော်နေထိုင်သူတွေလည်း အများနည်းတူ လုံခြုံတဲ့လူမှုဘ၀ အခြေအနေမှာနေထိုင်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအဖွဲ့နဲ့ Women For The World အဖွဲ့တို့ပူးပေါင်းကာ လူမှုအခြေပြုအဖွဲ့အစည်းအိမ်ရာအဖြစ် တည်ဆောက်ခြင်းဖြစ်တယ်လို့သိရပါတယ်။

အိမ်ခန်းတွေအတွက် မြေနေရာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက နှစ် (၃၀) ကို ရပ်ရွာလူထုတွေနေထိုင်ခွင့်ရလို့မြေအဖြစ် သတ်မှတ်ခွင့်ပြုပေးထားပြီး ရေ၊မီး၊ လမ်းအစရှိတဲ့ စည်ပင်သာယာလုပ်ငန်းတွေကိုလည်း အစိုးရက တာဝန်ယူစီစဉ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိ ရွှေပြည်သာမှာ အစိုးရက ချပေးတဲ့ ၂၂x၃၀ ပေကျယ်ဝန်းတဲ့ မြေနေရာမှာ အိမ်ခန်းတစ်ခုကို ၁၂x၂၅ ၊ ၁၄x၂၅ ပေရှိတဲ့ အိမ်ခန်းတွေကို ဆောက်လုပ်နေတယ်လို့လည်းသိရပါတယ်။

နောက်ထပ်စီမံကိန်းအနေနဲ့ တောင်ဒဂုံမြို့နယ်နဲ့ အရှေ့ဒဂုံမြို့နယ်တို့မှာ နေအိမ် ၇၀၀ ကျော်ကို ဆောက်လုပ်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ 


loading...

က္က