မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့မှာ ဖြစ်ပွားခဲ့တာပါ။

တစ်နှစ်အရွယ်ကလေးငယ်နှင့်မိခင်ဖြစ်သူတို့ ရေနစ်သေဆုံးခဲ့ပေမယ့် ကျန် ၃ဦးကတော့ ရေကူးတတ်လို့ အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Myanmar Fire Services Department

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့မှာ ဘုန်းကြီးကျောင်းကို ဆွမ်းသွားကပ်ဖို့ မိသားစုလိုက် လှေဖြင့်သွားရာမှ လှေတိမ်းမှောက်လို့ တစ်နှစ်အရွယ်သားနဲ့ မိခင်ဖြစ်သူတို့ ရေနစ်သေဆုံးမှု ဒီကနေ့ ဇူလိုင်လ ၁၉ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။

စဉ့်ကူးမြို့၊ ရွာတော်လေးကျေးရွာ၊ မောင်းမကန်အင်းအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး လှေပေါ်ပါလာသူ ၅ဦးအနက် ကျန် ၃ဦးက ရေကူးတတ်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့တာလို့လည်း စဉ့်ကူးမြို့နယ် မီးသတ်ဦးစီးဌာနက တဆင့် သိရပါတယ်။

“ကျွန်တော်တို့စုံစမ်းသိရသလောက် လှိုင်းပုတ်တဲ့ဒဏ်ကြောင့် လှေတိမ်းမှောက်ပြီး သေဆုံးရတာပါ။ လှေပေါ် ပါလာသူတွေက သားအမိသားအဖ ၃ဦးနဲ့ အိမ်နီးချင်း ၂ဦးမှာ အမေဖြစ်သူနဲ့ တစ်နှစ်အရွယ်ကလေး အသက် ဆုံးရှုံးခဲ့တာပါ။”လို့ စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းပြည့်ကျော်က Duwun ကိုပြောပါတယ်။

ဓာတ်ပုံ - Myanmar Fire Services Department

ဖြစ်စဉ်မှာ ဒီကနေ့ဇူလိုင်လ ၁၉ ရက်မနက် ၉ နာရီခွဲအချိန်ခန့်မှာ မောင်းမကန်အင်းမှာ လှေ ၁ စင်းနစ်မြှုပ်ခဲ့လို့ လှေပေါ်ပါလာသူ ၅ ဦးထဲက ၂ ဦးပျောက်ဆုံးနေကြောင်းသတင်းအရ စဉ့်ကူးမြို့နယ် မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေ ရှာဖွေကယ်ဆယ်ခဲ့ရာမှာ မနက် ၁၀ နာရီခွဲမှာ ပျောက်ဆုံးသွားတဲ့သားအမိနှစ်ဦးကို သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက်ရှင်ကျန်ရစ်သူ ၃ ဦးကို စဉ့်ကူးမြို့ ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ် ပေးလျက်ရှိသလို သေဆုံးခဲ့သူ တစ်နှစ်အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ကိုလည်း ဆေးရုံကို ပို့ဆောင်ထားပေးပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။

စဉ့်ကူးမြို့မှာလှေမှောက်တဲ့ ဖြစ်စဉ်ဟာ တစ်နှစ်မှာ တစ်ကြိမ်၊နှစ်ကြိမ်ခန့် နှစ်စဉ်ဖြစ်ပွားလျက်ရှိတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က