ဘုန်းကြီးလမ်း (စံပြ) မှတ်တိုင်အစား လမ်းမတော်ဘက်ကိုပြောင်းလဲရမှာပါ။
Mi Thawdar Aung

ရန်ကုန်-ဒလတံတားစီမံကိန်းရဲ့ ဘုန်းကြီးလမ်းအပိုင်းကို ဒုတိယအဆင့် ဆောင်ရွက်မှာ ဖြစ်တာကြောင့် ဘအဲဒီနားကို ဖြတ်သန်းတဲ့ YBS ယာဉ်လိုင်း (၁၀) လိုင်း လမ်းကြောင်းတွေ ပြောင်းလဲပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကနေ သိရပါတယ် ။

ရန်ကုန်ဒလတံတားတည်ဆောက်နေသည့်စီမံကိန်းနေရာ။

ရန်ကုန်ဘက်ခြမ်းအတွက် ဘုန်းကြီးလမ်း ဧရိယာ (စံပြမှတ်တိုင်) အနီးတစ်ဝိုက်အနော်ရထာလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြားမှာ တံတားတည်ဆောက်မှာဖြစ်လို့ အောက်တိုဘာ ၂၇ ရက်က စတင်ကာ ဘုန်းကြီးလမ်းတဝိုက်ကို ပြေးဆွဲတဲ့ ယာဉ်လိုင်းအချို့ လမ်းကြောင်းပြောင်းမှာ ဖြစ်ပါတယ်။

YBS ၃၇၊ ၇၈၊၉၄၊၉၇၊၂၁၊၃၉၊၇၇ နဲ့ Airport Shuttle Bus တွေအပါအဝင် စုစုပေါင်းယာဉ်လိုင်း ၁၀  လိုင်း ပြောင်းလဲပြေးဆွဲမှာ ဖြစ်ပါတယ်။

“ YBS ၇၇ ရပ်ထားတဲ့ ဘုန်းကြီးလမ်းပေါ်က သရက်တောကျောင်းတိုက်မှတ်တိုင်က ပျောက်မယ်။ မြို့ထဲအဝင်လမ်း စံပြမှတ်တိုင် ပျောက်မယ်။ ခရီးသည်တွေကို အနီးဆုံး မှတ်တိုင်တွေ ရရှိရေး မြေပြင်ကွင်းဆင်းထားတယ်။ “ လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

ပြောင်းလဲပြေးဆွဲမယ့် ယာဉ်လိုင်းတွေဖြစ်တဲ့ YBS ၃၇၊ Airport shuttle Bus၊YBS ၇၈၊ YBS ၉၄ ၊ YBS ၉၇ ယာဉ်လိုင်းတွေကတော့ အသွားလမ်းကြောင်းကတော့ ပြောင်းလဲမှုမရှိဘဲ အပြန်လမ်းကြောင်းမှာ ဘုန်းကြီးလမ်း မှတ်တိုင်အစား လမ်းမတော်ဘက်ကို ပြောင်းရွှေ့ရမယ်လို့ YRTA က ကြေညာထားတာပါ။

YBS ၃၇ ယာဉ်တွေရဲ့ အပြန်လမ်းကြောင်းမှာ ရန်ကုန် (ခြောက်ထပ်ရုံး) (ဂိတ်ဖျား) - ကမ်းနားလမ်း- ရွှေတိဂုံဘုရားလမ်း-အနော်ရထာလမ်း-လမ်းမတော်လမ်း-ဗိုလ်ချုပ်အောင်ဆန်းလမ်း- ပြည်လမ်းမှ လာလမ်းအတိုင်း (ဂိတ်ရင်း) အထိ ဖြစ်ပါတယ်။

ဘုန်းကြီးလမ်း စံပြ မှတ်တိုင်းအနီးမှာ YBS ၃၇ ယာဉ်ကို တွေ့ရစဉ်။

Airport Shuttle Bus တွေကတော့ ကမ္ဘာအေးဘုရားလမ်းအဝိုင်း အပတ်လမ်းကြောင်း မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်- လေဆိပ်အဝင်လမ်း-ပြည်လမ်း-ကမ္ဘာအေးဘုရာလမ်း-အလံပြဘုရားလမ်း- ဆူးလေဘုရာလမ်း- ကုန်သည်လမ်း-ကမ်းနားလမ်း-လသာလမ်း- အနော်ရထာလမ်း- လမ်းမတော်လမ်း- ဗိုလ်ချုပ်အောင်ဆန်းလမ်း-ပြည်လမ်း-လေဆိပ်အဝင်လမ်း- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ ဖြစ်ပါတယ်။

YBS ၇၈ ယာဉ်တွေရဲ့ အပြန်လမ်းကြောင်းမှာ ရန်ကုန်ဘူတာကြီး (ဂိတ်ဖျား)- ဂျိုးဖြူလမ်း-အလံပြဘုရားလမ်း-ဆူးလေဘုရားလမ်း-အနော်ရထားလမ်း-လမ်းမတော်လမ်း-ဗိုလ်ချုပ်အောင်ဆန်းလမ်း- ပြည်လမ်းမှ လာလမ်းအတိုင်း ရွှေပြည်သာလိန်ကုန်း (ဂိတ်ရင်း) အထိ ဖြစ်ပါတယ်။

YBS ၉၄ နဲ့ ၉၇ ယာဉ်လိုင်းမှာလည်း အပြန်လမ်းကြောင်းမှာ ယခင်က ဘုန်းကြီးလမ်း (စံပြ) အစား လမ်းမတော်လမ်းဘက်ကို ပြောင်းလဲ ပြေးဆွဲရမှာ ဖြစ်ပါတယ်။

YBS ၂၁၊ ၃၉ ကတော့ အသွားရော အပြန်ပါ လမ်းကြောင်းပြောင်းလဲမှု ရှိနိုင်ပြီး Mini Bus ယာဉ်ဖြစ်တဲ့ YBS 77 ကတော့ ဘုန်းကြီးလမ်းဂိတ်ဆုံးမယ့်အစား လမ်းမတော်ဘက်ကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။

YBS ၂၁ အသွားလမ်းကြောင်းမှာ ယခင်ပြေးဆွဲတဲ့လမ်းကြောင်းထဲက ဘုန်းကြီးလမ်း (စံပြ) မှတ်တိုင်ရောက်ရင်တော့ ဗိုလ်ချုပ်အောင်ဆန်းလမ်း-လမ်းသစ်လမ်း အတိုင်း ပြောင်းလဲ ပြေးဆွဲရမှာပါ။

အပြန်လမ်းကြောင်းမှာလည်း ရွှေတိဂုံဘုရားလမ်း-လမ်းမတော်လမ်း-ဗိုလ်ချုပ်အောင်ဆန်းလမ်းကနေ ပြည်လမ်းမှ လာလမ်းအတိုင်း ပြေးဆွဲရမှာပါ။

YBS ၃၉ အတွက် အသွားလမ်းကြောင်းမှာ ဘုန်းကြီးလမ်း(စံပြ) အစား ဗိုလ်ချုပ်အောင်ဆန်းလမ်း-လမ်းမတော်လမ်း-မဟာဗန္ဒုလလမ်း- ရွှေတိဂုံဘုရားလမ်း-အနော်ရထာလမ်း (လသာ) (ဂိတ်ဖျား) အထိ ဖြစ်ပါတယ်။

အပြန်လမ်းကြောင်းမှာ လသာ (ဂိတ်ဖျား) -အနော်ရထာလမ်း-လမ်းမတော်လမ်း-ဗိုလ်ချုပ်အောင်ဆန်းလမ်း-ပြည်လမ်းမှ လာလမ်းအတိုင်း ရွှေပြည်သာ (ဈေးသံလမ်း) (ဂိတ်ရင်း) အထိ ဖြစ်ပါတယ်။

YBS ၇၇ ကတော့ လာလမ်းအတိုင်း ဘုန်းကြီးလမ်း (စံပြ) မှတ်တိုင်ရောက်ပါက လမ်းမတော်လမ်း-ဗိုလ်ချုပ်အောင်ဆန်းလမ်း-ရွှေတိဂုံဘုရားလမ်းအတိုင်း ပြေးဆွဲရမယ်လို့ သိရပါတယ်။


က္က