နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ပြည်သူစစ်စစ် ၇၀ရာခိုင်နှုန်းရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

သူရရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းတွေအဖြစ် မိုးကျရွှေကိုယ်တွေကို ဖိတ်ကြားခဲ့ခြင်းမရှိဘူးလို့ သြဂုတ်လ ၇ရက်က ရန်ကုန်မြို့ပါတီရုံးခန်းမှာပြုလုပ်တဲ့ မူဝါဒရေးရာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ် ။ 

လက်ရှိမှာတော့ ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၆၀ခန့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲ တစ်ခါမှ ဝင်မပြိုင်ဘူးတဲ့ ပြည်သူတွေထဲက ပြည်သူစစ်စစ် (၇၀)ရာခိုင်နှုန်းကို ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်ထားတယ်လို့လည်း ပါတီရဲ့ ပြန်ကြားရေးအရာရှိ ဒေါ်စုစုလှိုင်က ပြောပါတယ်။



“ ကျွန်မတို့အနေနဲ့ ထင်ပေါ်ကျော်ကြားတဲ့သူမှ ၊ အစိုးရအရာရှိကြီးတွေမှ ၊ ဝန်ကြီးဟောင်းတွ မှဆိုတာမျိုးပေါ့နော်။ ကလေးစကားပြောရရင် မိုးကျရွှေကိုယ်တွေရယ်လို့ သပ်သပ်ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။ ဆန္ဒအလျောက် လျှောက်တာကို ရွေးပါတယ် ။ ပါတီကိုဝင်ရောက်လှုပ်ရှားခဲ့ပြီး ပြည်သူ့အရေးကို စိတ်ဝင်စားတဲ့သူတွေကိုပဲ ဦးစားပေးရွေးချယ်ခဲ့တယ် “ လို့ ဒေါ်စုစုလှိုင်က ပြောပါတယ်။ 

ဓာတ်ပုံ - ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ မူဝါဒရေးရာသတင်းစာရှင်းလင်းပွဲ

ဒါ့အပြင် ကိုယ်စားလှယ်လောင်းတွေထဲမှာ အလုပ်သမား၊ တောင်သူလယ်သမားတွေကိုလည်း ရွေးချယ်ထားပြီး အမျိုးသမီး ၊ လူငယ် ၊ မသန်စွမ်းသူတွေကိုလည်း ပါတီမူဝါဒအရ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ရွေးချယ်ထားတယ်လို့လည်းသိရပါတယ်။

“ ပါတီမှာ အမျိုးသမီး နဲ့ လူငယ်တွေကိုဦးစားပေးမယ်ဆိုတဲ့ မူဝါဒရှိထားပြီးသားပါ ။ သို့သော် ဘယ်လောက်ရာခိုင်နှုန်းမဖြစ်မနေသွတ်သွင်းမယ်ဆိုတဲ့စနစ်က ပထမအကြိမ်မှာ လုပ်လို့မရပါဘူး ။ နောက်ပြီး ပါတီက မသန်စွမ်းတွေနဲ့ ထိတွေ့မှု ၊ ဆွေးနွေးမှုတွေလည်းရှိတယ် ။ ကိုယ်စားလှယ်တွေထဲမှာ မသန်စွမ်းတွေလည်း ပါလာနိုင်ပါတယ် “ လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP ) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင်က ပြောပါတယ် ။ 

လက်ရှိပါတီရဲ့ ဥက္ကဌ သူရ ဦးရွှေမန်းရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း၊ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့်တိုင်းနဲ့ ပြည်နယ်အရေအတွက် စတာတွေကိုတော့ မနက်ဖန် သြဂုတ်လ (၈) ရက်နေ့မှာ သတင်းမီဒီယာတွေကို အသိပေးပြောကြားသွားမယ်လို့လည်းသိရပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ မူဝါဒရေးရာရှင်းလင်းပွဲမှာတော့ နိုင်ငံရေးဝါဒ ၅ချက် နဲ့ ပါတီမူဝါဒ ၂၅ချက်ထဲက အရေးအကြုးမူဝါဒ ၄ချက်ဖြစ်တဲ့ စီးပွားရေး ၊ အလုပ်သမားရေး ၊ တောင်သူလယ်သမားရေး နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွေကို ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ပါတီအနေနဲ့ စီးပွားရေး ကဏ္ဍမှာဆိုရင် ဈေးကွက်စီးပွားရေးစနစ်အကောင်အထည်ဖော်ရေးကို အဓိက ဦးစားပေးမှာဖြစ်ပြီးလူတိုင်းအလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကျေးလက်ဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ရှင်းလင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က