ရန်လိုတဲ့အပြုအမှုတွေလည်း ကြုံတွေ့ခဲ့ရ
Mi Thawdar Aung

ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ COVID-19 စောင့်ကြည့်လူနာ နိုင်ငံခြားသားတွေကို ကုသမှုပေးရာမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဘာသာစကားအခက်အခဲတွေ ကြုံတွေ့နေရသလို မလိုလားတဲ့အပြုအမှုတွေ လုပ်တာတွေကိုလည်း ကြုံနေရတယ်လို့ ဝေဘာဂီဆေးရုံကြီးက တာဝန်ကျ သူနာပြုဆရာမ ဒေါ်ဖြူသီက ပြောပါတယ်။

Photo- အတိုင်ပင်ခံနဲ့ ဝေဘာဂီဆေးရုံကျန်းမာရေးဝန်ထမ်းများ တိုက်ရိုက်ဆွေးနွေးခြင်းအစီအစဉ်

ဒီနေ့ ဧပြီလ ၁၇ ရက် မနက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝေဘာဂီအထူးကုဆေးရုံက ဝန်ထမ်းများ အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောသွားခဲ့တာပါ။ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ လတ်တလော COVID-19 လူနာတွေကို ကုသမှုတွေပေးနေသလို သီးခြားစောင့်ကြည့်နေတဲ့လူနာတွေလည်းရှိနေပြီး အဆိုပါ သီးခြားစောင့်ကြည့်လူနာတွေထဲမှာ တရုတ်၊ကိုရီးယား၊ထိုင်း အစရှိတဲ့ နိုင်ငံခြားသား စောင့်ကြည့်လူနာတွေလည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသားလူနာတွေကို သီးသန့်အခန်းမှာ ထားလိုက်ပြီဆိုပါက သူတို့ဟာ ဒီရောဂါကူးစက်ခံနေရတာမဟုတ်ကြောင်း၊ ဒီနိုင်ငံမှာလည်း ဆေးကုသမှုမခံယူဘူးဆိုဟု ဆိုကာ ရန်လိုတဲ့အပြုအမှုတွေ လုပ်တာကို ခံနေရကြောင်း သူနာပြုဆရာမ ဒေါ်ဖြူသီက ပြောပြပါတယ်။

“ သူတို့ကသီးသန့် (isolation) အခန်းထဲမှာ ၁၄ ရက်မနေနိုင်ဘူးဆိုပြီး တံခါးတွေကိုထုတယ်။ ရန်လိုတဲ့အပြုအမှုတွေလုပ်တယ်။ တစ်ချို့ နိုင်ငံခြားသားတွေက အင်္ဂလိပ်လို မပြောကြတာတော့ ကျွန်မတို့က သူတို့ကို communicate လုပ်ဖို့ ခက်ခဲတယ်။ အစားအသောက်မှာလည်း သူတို့နိုင်ငံမှာ စားတာနဲ့ မတူတော့ အခက်အခဲတွေရှိပါတယ်။ ကျွန်မတို့က သူတို့စားမယ်ထင်တာလေးတွေ ထည့်ပေးလိုက်တယ်။ အဲဒါကို အမှိုက်ပုံးထဲ လွှင့်ပစ်တာမျိုးလည်း ကြုံရတယ်။ သူတို့တောင်းတဲ့အစားအသောက်မရရင် ကျန်းမာရေးဝန်ထမ်းတွေကိုအခန်းထဲပေးမဝင်တာမျိုးလုပ်တယ်။” လို့ ကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆရာမဒေါ်ဖြူသီက ပြောပြပါတယ်။

အဲဒီနောက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘာသာစကားအခက်အခဲ၊ နိုင်ငံခြားသားလူနာတွေ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်း စတာတွေကို သူတို့ရဲ့သက်ဆိုင်ရာသံရုံးတွေမှာ အကူအညီတောင်းလို့ရနိုင်အောင် ဆောင်ရွက်မယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားလူနာတွေကလည်း သူတို့တစ်ကိုယ်စာလိုအပ်ချက်တွေနဲ့ပတ်သက်ပြီး တောင်းဆိုလာကြတာတွေရှိတာကြောင့် ဆေးရုံအနေနဲ့ တတ်နိုင်သလောက် ဆောင်ရွက်ပေးနေသလို ပရဟိတ အဖွဲ့အစည်းတွေကတစ်ဆင့် လိုအပ်တဲ့ပစ္စည်းတွေကို ပို့ဆောင်ပေးနိုင်ဖို့ စီစဉ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


က္က