၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ မူဝါဒတွေသတ်မှတ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။
Htar Htar Wai

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အနေနဲ့ လာမယ့်၂၀၂၀ရွေးကောက်ပွဲအပြီး တတိယငါးနှစ်သက်တမ်းလွှတ်တော်မှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အဆင့်ဆင့်ပြင်ဆင်သွားနိုင်ရန် ဆန္ဒရှိတယ်လို့ ဒီနေ့မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီကိုယ်စားလှယ်တွေက ရှင်းလင်းပြောကြားပါတယ်။

ဒီလိုပြင်ဆင်ဖို့ ဆန္ဒရှိနေတာဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့အကျိုးစီးပွားကို ပံ့ပိုးကာကွယ်ဖို့ မဟုတ်ဘဲ ပြည်သူတွေရဲ့ ဘဝကို အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းလာဖို့သာ ရည်ရွယ်တယ်လို့လည်းဆိုပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းမှာ ဥပဒေအနှစ်သာရ (Spirit ) နဲ့ ပြဋ္ဌာန်းချက်စကားလုံးတွေ (Letter ) ဆိုပြီးရှိတော့ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အနှစ်သာရချဉ်းကပ်မှုပိုပြီးမှန်ကန်စေဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒု-ဥက္ကဌ(၁) ဦးမြင့်မောင်ထွန်းက ပြောပါတယ်။ 

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်ဖို့အတွက် ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ရည်ရွယ်ချက်၊ရည်မှန်းချက်၊ မူဝါဒတွေ သတ်မှတ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါ့အပြင်ပါတီရဲ့ မူဝါဒရေးရာနဲ့ သဘောထားတွေကို ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာသက်သက်ခိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်မှာလည်း ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပြီးဖြစ်တယ်လို့လည်းပြောပါတယ်။ 

“ကျွန်မတို့ပါတီရဲ့မူဝါဒတွေကို လက်တန်းပြောခဲ့တာမဟုတ်ပါဘူး။ သေသေချာချာရိုက်နှိပ်သွားခဲ့တာပါ။ ဒါကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကို တင်သွင်းခဲ့ပါတယ်။၂၀၀၈ဖွဲ့စည်းပုံနဲ့ပတ်သက်ရင်က ပါတီရဲ့ သဘောထားထုတ်ပြန်ချက်အနှစ်ချုပ်ကို ပြောခဲ့ပါတယ်"လို့ ဒေါက်တာသက်သက်ခိုင်က မီဒီယာတွေကိုပြောပါတယ်။ 

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အချက်ခြောက်ချက်ကို အဓိကထားဆောင်ရွက်မှာဖြစ်ပြီး ဒီမိုကရေစီပိုမိုရှင်သန်ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး၊ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော်ရဲ့ပါဝင်မှုကို အဆင့်ဆင့်လျှော့ချရေး၊ တန်းတူညီမျှရေးနဲ့ လူ့အခွင့်အရေး၊ သန့်ရှင်းသောအစိုးရနှင့်ကောင်းမွန်သောအုပ်ချုပ်ရေး၊ ဈေးကွက်စီးပွားရေးစနစ်အောင်မြင်ရေးတို့ပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က