သိန်း(၄၀)ဖိုးခန့်အခိုးခံရတာပါ။
Ei Ei Htun

ပုသိမ်မြို့၊ ရွှေမြင်တင် အ.ထ.က ကျောင်းမှာ စုပေါင်းမဟာဘုံကထိန်အတွက်စည်းထားတဲ့ ပဒေသာပင်များမှငွေများ ဒီကနေ့ နိုဝင်ဘာလ(၈)ရက်နေ့ မနက်အစောပိုင်းက ခိုးယူခံရတယ်လို့သိရပါတယ်။

ကျောင်းဘုံကထိန်အတွက် ဆရာ၊ဆရာများနဲ့ ကျောင်းသား၊ကျောင်းသူများထည့်ဝင်ထားတဲ့အလှူငွေတွေနဲ့ အလှူခံထားတဲ့ပိုက်ဆံများအားလုံး သိန်း(၄၀)ခန့် ခိုးယူခံခဲ့ရလည်းဖြစ်ပါတယ်။

photo- ဆရာမျိုး

“ ကျွန်တော်တို့လည်းအခုမနက်ပိုင်းမှသတင်းကြားတာ။ ညကကျောင်းသားတွေစောင့်အိပ်ကြတယ်။ သူတို့ကလည်း ပဒေသာပင်တွေကို အခန်းထဲထည့်ပြီးသော့မခတ်ဘဲ အခန်းပြင်လျှောက်လမ်းမှာပဲထားလိုက်ကြတာတဲ့။မနက်အစောပိုင်းကမှခိုးခံရမှန်းသိတာ။ ကလေးတွေဆိုတော့လည်း သတိလက်လွတ်နေမိကြလိမ့်မယ်။ အခုတော့ တာဝန်ရှိသူတွေစုံစမ်းစစ်ဆေးမှုတွေတော့လုပ်နေပြီ” လို့ ရွှေမြင်တင်ကျောင်းသားဟောင်းတစ်ဦးက Duwun ကိုပြောပါတယ်။

photo- ဆရာမျိုး

တစ်ကျောင်းလုံးက ပဒေသာပင်အားလုံးအခိုးခံရတာဖြစ်ပြီး ကိုးတန်းနဲ့ ဆယ်တန်းက ကျောင်းသား၊ကျောင်းသူတွေစည်းထားတဲ့ ပဒေသာပင်က ငွေတွေအားလုံးကတော့ ပါသွားတယ်လို့သိရပါတယ်။ စည်းထားတဲ့ ပဒေသာပင်တွေထဲကမှ ပိုက်ဆံတွေကိုပဲဖြုတ်ပြီး ခိုးယူသွားတာဖြစ်ပါတယ်။ ဒီကနေ့မနက်(၄)နာရီလောက်ကအခိုးခံရကြောင်းသိသိချင်း စခန်းကိုအကြောင်းကြားခဲ့ကာ တာဝန်ရှိသူတွေအနေနဲ့ ချက်ချင်းစစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ ကျူးလွန်သူတွေကိုမသိရသေးပါဘူး။


က္က