ဒေသန္တရအမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်တာပါ။
Thin Nu Swe

ရွှေပြည်သာမြို့နယ်ရှိ စက်ရုံ အလုပ်ရုံတွေ မှာ အလုပ်သမားတွေ လူစုလူဝေးဖြင့် ဆန္ဒပြထုတ်ဖော်ခြင်းအပါအဝင် ဥပဒေမဲ့ဆောင်ရွက်မှုတွေလုပ်ဆောင်မှုကို အရေးယူသွားတော့မယ်လို့ ဒေသန္တရအမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အားပေးကူညီ သူတွေကိုလည်း တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမယ်လို့ ပူးတွဲ ကြေငြာထားပါတယ်။ဒီကိစ္စဟာ ဒေသန္တရအမိန့်ဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ်တစ်ခုတည်းမဟုတ်ဘဲ ရန်ကုန်တိုင်း အတွင်း ကိုကိုးကျွန်း မှအပ ကျန် ၄၄ မြို့နယ် အကုန်လုံး အကျုံးဝင်တယ်လို့ ရန်ကုန်တိုင်း လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။

" ရွှေပြည်သာ ကိစ္စဟာ ဒေသန္တရအမိန့်ဖြစ်တယ်၊ ဒေသန္တရအမိန့်ထုတ်ပြန်ထားတဲ့အတိုင်းလူငါးဦးထက် စုဝေးတာဖြစ်ဖြစ် တခြားခွင့်ပြုချက်မရဘဲ လူစုလူဝေးလုပ်တာပဲဖြစ်ဖြစ် ကိစ္စ တွေကို ဒေသန္တရအမိန့်နဲ့အရေးယူတာမျိုးပါ"။ လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ ထုတ်ပြန်စာမှာတော့ ရွှေပြည်သာစက်မှုဇုန် အပိုင်း(၂)(၃)(၄)အတွင်းက စက်ရုံအလုပ်ရုံတွေမှာ အကြောင်းအမျိုးမျိုးကြောင့်အလုပ်ရှင်နှင့်အလုပ်သမားအငြင်းပွားမှုဖြစ်လာပါက ဥပဒေနှင့်အညီညှိနှိုင်းဖြေရှင်းမှုမလုပ်ဘဲ လူစုလူဝေးနှင့်ဆန္ဒထုတ်ဖော်ခြင်း၊စုဝေးတောင်းဆိုခြင်းအပါအဝင်ဥပဒေမဲ့ဆောင်ရွက်မှုများပြုလုပ်လာပါက အလုပ်သမား အားပေးကူညီသူတွေကိုတည်ဆဲဥပဒေတွေနှင့်အညီအရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီအမိန့်ကြေငြာစာကိုပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့စွဲနဲ့ အသိပေးအကြောင်းကြားထားထုတ်ပြန်ထားတာဖြစ်ပါတယ်။

အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ဗဟိုအမှုဆောင်အဖွဲ့၊ဒု ဥက္ကဋ္ဌ ဝေယံဖြိုးမိုးကတော့" အလုပ်သမားတွေ၊ အလုပ်သမားရေးကူညီဆောင်ရွက်နေသူတွေကို တရားစွဲတာ၊ ထောင်ချတာဟာ အလုပ်သမားတွေပြဿနာကိုပြေလည်အောင်မဖြေရှင်းနိုင်လို့ ဒီဥပဒေတွေ ပုဒ်မတွေ ထောင်တွေနဲ့ ခြိမ်းခြောက်တဲ့သဘောဖြစ်လို့ ကန့်ကွက်ပါ တယ်။" လို့ ဆို ပါတယ်။

ပြီးခဲ့တဲ့ ၄ ရက်နေ့က အလုပ်သမားအရေးကူညီဆောင်ရွက်သူ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က လူ ၄ ဦးနဲ့ အလုပ်သမား ၂ ဦးကို ဒဂုံဆိပ်ကမ်းတရားရုံးက ပုဒ်မ ၁၈၈ နဲ့ထောင် ၃လ ချအရေးယူခဲ့ပါတယ်။

"သဘာဝဘေးအန္တ ရာယ် covid-19 နဲ့ပတ်သက်လို့ထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်နဲ့ဥပဒေတွေဟာ အလုပ်သမားရေးလုပ်ရှားဆောင်ရွက်ရသူတွေ၊ အလုပ်သမားအဖွဲ့တွေအပေါ် ဖိနှိပ်ဖို့ ဖြစ်လာတာ စိတ်မကောင်းဘူး။ဖိနှိပ်တဲ့ပုဒ်မ လက်နက်တစ်ခုသဖွယ်အသုံးချလာတဲ့အတွက် အင်မတန် အစိုးရအပေါ်စိတ်ပျက်မိတယ်" လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်ပြောပါတယ်။ နောက်ထပ်လည်း အလုပ်သမားတွေနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတချို့ကို သဘာဝဘေး အန္တရာယ် ကာကွယ်ရေး ဥပဒေ ပုဒ်မ ၃၀ (ခ)နဲ့ တရားစွဲဆိုထားပါတယ်။

(အလွတ်တန်း သတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။)


က္က