အချိန်နဲ့လူဦးရေကို ကန့်သတ်သွားမှာ။
Ei Ei Htun

COVID-19 ကာလအတွင်း ဘုရားဖူးခွင့်ပိတ်ထားတဲ့ ရွှေတိဂုံဘုရားကို ပြန်ဖွင့်ခွင့်ရခဲ့မယ်ဆိုရင်တောင် လူဦးရေ အကန့်အသတ်နဲ့သာခွင့်ပြုရန် ဂေါပကအဖွဲ့အနေနဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

ဘုရားပြန်ဖွင့်တဲ့အခါမှာ ဘုရားဖူးပြည်သူတွေတိုးဝှေ့ပြီး လူစူလူဝေးဖြစ်မှာစိုးတာကြောင့် လူဦးရေ အကန့်အသတ်နဲ့ အသုတ်ခွဲပြီး ဘုရားပေါ်တက်ခွင့်ပြုမှာဖြစ်တယ်လို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဒေါက်တာရဲအောင်က Duwun ကိုပြောပါတယ်။

“အခုကတော့ ပြန်ဖွင့်ဖို့ရက်ကို ဘာမှညွှန်ကြားထားတာမရှိသေးဘူး။ တကယ်လို့ပြန်ဖွင့်ရင်လည်း ဘုရားပေါ်မှာ တစ်ဦးနဲ့တစ်ဦး ၆ပေအကွာ ဘုရားဖူးနိုင်အောင် အမှတ်အသားတွေလုပ်ထားမယ်။ လက်ဆေးဘေစင်တွေထားမယ်။ ၆ပေအကွကနေ ဘုရားဖူးရမှာဆိုတော့ လာသမျှလူကိုအကုန် ဘုရားပေါ်ပေးတက်လို့တော့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ စဉ်းစားထားတာ လူအကန့်အသတ်နဲ့ အသုတ်ခွဲပြီးတော့ ဘုရားဖူးခွင့်ရအောင် လုပ်ဖို့ စီစဉ်ထားပါတယ်”လို့ ဒေါက်တာရဲအောင်ကပြောပါတယ်။

ဘုရားဖူးပြည်သူတွေအနေနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရအောင်လည်း စဉ်းစားရမှာဖြစ်လို့ အတတ်နိုင်ဆုံးအဆင်ပြေအောင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

လူဦးရေကန့်သတ်တာနဲ့ အချိန်ကိုတော့ ဘုရားပြန်ဖွင့်ဖွင့်ချင်း လာရောက်ဘုရားဖူးတဲ့သူအနေအထားကိုကြည့်ကာ သတ်မှတ်သွားမယ်လို့ ပြောပါတယ်။

Mask တပ်ဆင်ထားခြင်းမရှိတဲ့သူတွေကို ဘုရားပေါ်တက်ခွင့်ပေးမှာမဟုတ်ဘူးလို့သိရပါတယ်။

ရန်ကုန်မြို့က ဘုရားတွေကိုတော့ နိုင်ငံတွင်း COVID-19 ကူးစက်မှု မြင့်တက်ခဲ့တဲ့ ဧပြီလအတွင်းကစပိတ်ထားခဲ့တာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ရမယ့်ရက်ကိုတော့ ယနေ့ထိ တရားဝင်ညွှန်ကြားထားခြင်းမရှိသေးပါဘူး။














က္က