တရားလွှတ်တော်ရှေ့နေ ငါးဦးက ဒေါ်စုဒါလီအောင်ဘက်က အခမဲ့လိုက်ပါဆောင်ရွက်မှာပါ။

ဒီကနေ့ အောက်တိုဘာ ၇ ရက်က နေပြည်တော်ပုဗ္ဗသီရိတရားရုံးမှာ ဒေါ်ဥမ္မာလှိုင်အမှုဖွင့်ထားတဲ့ ပုဒ်မအတွက် မှုခင်းစီမံခန့်ခွဲမှု အစီအမံ ( CMP) နဲ့စစ်ဖို့ ရက်ချိန်းယူခဲ့ကြပြီး ရှေ့နေဒေါ်စုဒါလီအောင်ဖက်ကနေ တရားလွှတ်တော်ရှေ့နေ ငါးဦး အခမဲ့ လိုက်ပါဆောင်ရွက်ပေးဖို့ ရုံးတော်မှာပါဝါတင်ခဲ့ကြပါတယ်။

အခမဲ့လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဦးသိန်းသန်းဦး

သံသယတရားခံကိုအောင်ကြီးရဲ့ရှေ့နေ ဒေါ်စုဒါလီအောင်ကို အမှုဖွင့်ခဲ့တဲ့ Wisdom Hill ကျောင်းက ကြီးကြပ်ရေးမှုး ဒေါ်ဥမ္မာလှိုင်ကို နိုင်လွတ်လုံဥပဒေနဲ့ ပြန်လည်အမှုဖွင့်သွားမယ်လို့ ဒေါ်စုဒါလီအောင်ရဲ့ရှေ့နေတွေကဆိုပါတယ်။

အခမဲ့လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးသိန်းသန်းဦးက " ဒီ လုပ်ရပ်ဟာ ဖြောင့်မှန်စွာတရားစီရင်ရေးကို ချိန်းခြောက်တဲ့ လုပ်ရပ်တစ်ခုဖြစ်နေလို့ ဒါကို အရေးယူ ဆောင်ရွက်ဖို့ ရှေ့နေတွေမှာတာဝန်ရှိတယ်။ သူ့ကို အမှုဖွင့်ခဲ့တဲ့ ရဲစခန်းမှာ ကျနေ်ာတို့ ပြန်သွားဖွင့်မယ်။ အမှု ဖွင့်တဲ့ တရားလိုက ဒေါ်စုဒါလီအောင်ကို နိုင်လွတ်လုံနဲ့ အမှုဖွင့်တဲ့အတွက် သူ့ကို နိုင်လွတ်လုံနဲ့ ကျနော်တို့ အမှု ပြန်ဖွင့်ပါမယ်"လို့ မီဒီယာတွေကိုပြောပါတယ်။

Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရှေ့နေ ဦးအောင်ရဲစိုး။

ဒေါ်စုဒါလီအောင်အနေနဲ့ ဒေါ်ဥမ္မာလှိုင်ရဲ့သားနှစ်ယောက်ကို ထိခိုက်နစ်နာစေအောင်ပြောဆိုခဲ့တယ်ဆိုပြီး ပတ္တာရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

 ဒေါ်ဥမ္မာလှိုင်ရဲ့ ရှေ့နေဖြစ်သူ ဦးအောင်ရဲစိုးကတော့ “တရားရုံးက အပြစ်ရှိတယ်လို့ မဆုံးဖြတ်သမျှကာလပတ်လုံး ငြိစွန်းတယ်။ မငြိစွန်းဘူးလို့ ပြောပိုင်ခွင့်မရှိဘူး။ သေချာတာတစ်ခုက တရားစွဲတင်နိုင်လောက်တဲ့ အကြောင်းတရားကို ကျနော်တို့ အမှုသည်ဖက်က တင်ပြနိုင်ခဲ့လို့ တရားစွဲတင်ခဲ့ပြီ။ ဒီနေ့ ဒီအချိန်ထိ တရားရုံးက ပြစ်ဒါဏ်မချသမျှကာလပတ်လုံး ဘယ်နိုင်ငံသားမဆို၊ ဘယ် ရာဇဝတ်မှုစွဲဆိုခံရတဲ့ စွပ်စွဲခံရသူမှန်သမျှဟာ အပြစ်ကင်းစင်တယ်။ ဒါပေမယ့် ကျနော်တို့က သူတို့ ရာဇဝတ်မှု မြောက်တယ်။ မမြောက်ဘူးဆိုတာနဲ့ ပက်သက်လို့ ကျနော်တို့က ဘာတွေကြောင့် စွဲဆိုရတာနဲ့ ပက်သက်ပြီး အပြည့်အဝသက်သေပြဖို့တာဝန် ကျနော်တို့မှာရှိတယ်။ အဲ့ဒါကြောင့် ကျနော် အမှုသည်က အဲ့ဒါကို သက်သေပြလိမ့်မယ်"လို့ ဒီကနေ့မှာမီဒီယာတွေကိုပြောခဲ့ပါတယ်။

ကိုအောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်ကတော့ ဒီလိုတရားစွဲခံရပေမယ့်လည်း သူလိုက်ပါဆောင်ရွက်နေတဲ့ ဗစ်တိုးရီးယားအမှုကို ပြီးဆုံးတဲ့အထိအမှန်တရားအတွက်ဆက်လက်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ လာမယ့် (၉)ရက်နေ့မှာတော့ ဗစ်တိုးရီးယားအမှုရဲ့ (၈) ကြိမ်မြောက်ရုံးချိန်းကို စစ်မေးသွားမှာလို့လည်း သိရပါတယ်။



က္က