ကျောင်းတာဝန်ခံကCCTV အချက်အလက်တွေ မယူလာခဲ့ဘဲ ကွန်ပျူတာပုံးကြီးပဲ ယူလာခဲ့တယ်လို့ ဆိုပါတယ်။
Mi Thawdar Aung

လိင်အကြမ်းဖက်ခံရတဲ့ ဗစ်တိုးရီးယားလေး အမှုရဲ့ ဒီနေ့ သြဂုတ်လ ၂၈ ရက် ရုံးချိန်းမှာ Wisdom Hill မူကြိုကျောင်းက CCTV မှတ်တမ်းကို သက်သေတင်သွင်းမယ်လို့ ကနဦး ပြောထားပေမယ့် ကျောင်းတာဝန်ခံက CCTV နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မပါလာခဲ့တာကြောင့် မစစ်ဆေးဖြစ်ခဲ့ဘူးလို့  တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

“ ကျောင်းတာဝန်ခံ ရန်နောင်ဌေးကို စစ်ဖို့ စီစဉ်တော့ ရုံးတော်ရှေ့ကို လာတယ်။ ဒါပေမယ့် CCTV  မှတ်တမ်းနဲ့ ပတ်သက်တဲ့ အချက်အလက် Hard Disk မပါလာဘဲနဲ့ ကွန်ပျူတာပုံးကြီးပဲပါလာတယ်။ ဒါကြောင့်မို့ ကျွန်မတို့က မူရင်းသက်သေခံမဟုတ်တဲ့အတွက် စစ်ဆေးဖို့ အခက်အခဲရှိလို့  သူ့ကို မစစ်ဘဲနဲ့ နောက်ရုံးချိန်းကို ပြန်ချိန်းလိုက်ပါတယ်” လို့ ဒေါ်ရွက်နုအောင်က ဆိုပါတယ်။

လာမယ့် စက်တင်ဘာ ၁၁ ရက်မှာ ပြုလုပ်မယ့် ခြောက်ကြိမ်မြောက်ရုံးချိန်းမှာတော့ ဗစ်တိုးရီးယားကို ပထမဆုံးအကြိမ် စစ်ဆေးမှာ ဖြစ်ပြီး Video Conferencing နဲ့စစ်ဆေးဖို့ အတွက်လည်း အဆင့်သင့်ဖြစ်နေပြီလို့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

ဗစ်တိုးရီးယားကို တရားရုံးနဲ့ ရင်းနှီးမှုရှိအောင် စက်တင်ဘာ ၉ ရက်နေ့မှာ တရားရုံးကို ခေါ်ပြီးပြသတာတွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ ဆော့ကစားစေတာတွေ လုပ်ပေးမယ်လို့လည်း ဆိုပါတယ်။

တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်

ဒီနေ့ ရုံးချိန်းမှာတော့ ဗစ်တိုးရီးယားလေးက ကျုးလွန်သူတွေ ကို ရွေးုထုတ်ပြခဲ့တဲ့ ဗီဒီယိုဖိုင်ကလည်း တရားရုုံးမှာ သက်သေခံအဖြစ် ဝင်သွားခဲ့ပြီးနောက် သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေက မေးခွန်းမေးမြန်းရာမှာ ဥပဒေအရာရှိက ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒါကို ကျွန်မက တရားလိုရဲ့ ရှေ့နေ အနေနဲ့ ဒါဟာ သက်သေခံဝင်ပါတယ်ဆိုပြီး ပြောတဲ့အခါမှာ ကျွန်မက ဥပဒေအရာရှိရဲ့ အောက်ကနေ လိုက်ပါ ဆောင်ရွက်တာဖြစ်လို့ သီးသန့် လျှောက်ထားခွင့်မပြုနိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် တရားရုံးကနေ တရားလိုရှေ့နေအဖြစ် သီးသန့် လျှောက်ထားခွင့်ပြုပါတယ်ဆိုပြီး ပြောတဲ့အခါမှာ ကျွန်မတို့ လျှောက်ထားခဲ့တယ်။ သက်သေခံကို နောက်ပိုင်းမှာ ပြသပြီး မေးမြန်းဖို့ကို တရားရုံးက ခွင့်ပြုခဲ့တယ်။ “ လို့ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ ရုံးချိန်းမှာ ဗစ်တိုးရီးယားက ကိုကိုနဲ့ ညီညီဓာတ်ပုံကို ကြည့်ပြီး သူတို့လုပ်တာလို့ ပြောဆိုခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဖခင်ဖြစ်သူကနေ ရုံးတော်ကို သက်သေတင်သွင်းထားခဲ့တာဖြစ်ပါတယ်။


က္က