အဲဒီလို ဆောင်ရွက်ဖို့ တရားသူကြီးက သင့်တော်တဲ့အချိန်မှာ အမိန့်ချမည်
Mi Thawdar Aung

Hard Disk ထဲမှာသိမ်းထားတဲ့ CCTV မှတ်တမ်းဖိုင်တွေ ဘာကြောင့် ပြတ်တောက်နေရလဲလို့ ဥပဒေအရာရှိက မူကြိုကျောင်းက CCTV တာဝန်ခံ ကိုရန်နောင်ဌေးကို မေးမြန်းရာ “သူမသိပါဘူး” လို့ တရားရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။ 

ဒီကနေ့ နိုဝင်ဘာ ၆ ရက် ဗစ်တိုးရီးယားအမှုရဲ့ ၁၀ကြိမ်မြောက်ရုံးချိန်းမှာတော့ Wisdom Hill မူကြိုကျောင်းက CCTVတာဝန်ခံကိုရန်နောင်ဌေးကို အဓိကစစ်ဆေးခဲ့ပြီး သူနဲ့အတူ ကျောင်းဖယ်ရီဆရာမတစ်ဦးကိုလည်း သက်သေအဖြစ် စစ်ခဲ့ပါတယ်။

တရားရုံးစစ်ဆေးမှုမစခင်မှာ အိုင်တီပညာရှင်တစ်ဦးနဲ့အတူ ဥပဒေအရာရှိက ကျောင်းဖက်က တင်ပြလာတဲ့ CCTV မှတ်တမ်းပါရှိတဲ့ Hard Disk ကို တရားရုံးတော်မှာစစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာတော့ ကျောင်းကတင်ပြလာတဲ့ Hard disk မှာ ဗီဒီယိုဖိုင်တွေ မရှိတော့ဘူးလို့ ရန်ကုန်မြို့က လာရောက်ခဲ့တဲ့ အိုင်တီပညာရှင်က တင်ပြခဲ့ပါတယ်။

သူကတော့ ဒီ Hard diskက မူရင်းဖြစ်ခဲ့မယ်ဆိုရင် ပျက်သွားတဲ့ ဗီဒီယိုဖိုင်တွေကို အဆင့်မြင့်နည်းပညာအကူအညီနဲ့ ကျွမ်းကျင်ပညာရှင်တွေက ပြန်လည်ရယူနိုင်ချေရှိတယ်လို့လည်း ဥပဒေ အရာရှိကို ရှင်းပြခဲ့ပါတယ်။Hard diskထဲက ဗီဒီယိုမှတ်တမ်းဖိုင်တွေဘာကြောင့်ပြတ်တောက်နေရလဲဆိုတဲ့ မေးခွန်းကို ဥပဒေအရာရှိက ကိုရန်နောင်ဌေးကို မေးမြန်းရာမှာတော့ သူမသိပါဘူးလို့ တရားရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

ဒါကြောင့် ပြတ်တောက်ပျောက်ဆုံးနေတဲ့ ဗီဒီယိုဖိုင်တွေကို ပြန်လည်ရယူနိုင်ဖို့ အိုင်တီပညာရှင်တစ်ဦး CCTVလာရောက်တပ်ဆင်တဲ့သူတစ်ဦးနဲ့ ရဲအရာရှိတစ်ဦးတို့ကိုခေါ်ယူကာ တရားရုံးက သင့်တော်တဲ့အချိန် ပြန်လည်ဆောင်ရွက်နိုင်ဖို့ အမိန့်ချမယ်လို့ တရားသူကြီးက ရုံးတော်မှာဆုံးဖြတ်ခဲ့ပါတယ်။

လာမယ့်(၁၁) ကြိမ်မြောက်ရုံးချိန်းကိုတော့ နိုဝင်ဘာလ (၂၀) ရက်နေ့မှာ စစ်မေးသွားမယ်လို့သိရပါတယ်။





က္က