ဆိုင်တွေပိတ်သိမ်းတဲ့အထိ အရေးယူမှာပါ။
Ei Ei Htun

ရန်ကုန်၊ မန္တေလေးနဲ့ အခြားမြို့နယ်တွေမှာ စားသောက်ဆိုင်တွေနဲ့ တွဲပြီး ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ Bar တွေ၊ KTV တွေနဲ့ Night Club တွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမှုတွေ စတင်တော့မယ်လို့ သိရပါတယ်။ 

ယခင်ကတည်းက Bar တွေ၊ KTV တွေကို ဖွင့်လှစ်ခွင့်ပြုထားတာမဟုတ်ဘဲ လက်ရှိမှာ စားသောက်ဆိုင်တွေနဲ့ တွဲပြီး ဖွင့်လှစ်နေတာကြောင့် ရှိတာကြောင့် လိုက်နာမှု မရှိရင် ဆိုင်တွေကို ပိတ်သိမ်းတဲ့ အထိအရေးယူသွားမယ်လို့ ဆိုပါတယ်။ 

“ သြဂုတ်လ (၁၂)ရက်နေ့ကပြုလုပ်တဲ့ ကိုဗစ် ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ထပ်မံညွှန်ကြားထားတာပါ။ ဒီညွှန်ကြားချက်က ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေလည်းပါတယ်။ Bar တို့  KTV တို့ ဖွင့်တဲ့ ဆိုင်တွေက တကယ်တော့ ဖွင့်ခွင့်မရှိဘူး။ ပိတ်ရမယ်။ ဒီညွှန်ကြားချက်ကို ကျွန်တော်တို့ ရန်ကုန်ကနေထုတ်ပြန်ပြီးတော့ တခြားတိုင်းနဲ့ ခရိုင်တွေကိုလည်း ညွှန်ကြားမယ်။ ညွှန်ကြားချက်မှာလည်း လိုက်နာမှု မရှိရင် အရေးယူမှုအပိုင်းတွေပါတယ်” လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက Duwun ကိုပြောပါတယ်။ 

ယခင်ကတည်းက ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ Bar တွေ၊ KTV တွေကို ဥပဒေနဲ့ အညီအရေးယူမယ်လို့ ညွှန်ကြားခဲ့ပေမယ့်လည်း လိုက်နာမှုမရှိဘဲ ဆက်လက်ဖွင့်လှစ်နေတာတွေရှိလို့ အခုလို ထပ်မံ ညွှန်ကြားရတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပြည်တွင်းကူးစက်လူနာတွေလည်း ပြန်လည်တွေ့ရှိလာရသလို ဒီနေရာတွေကနေလည်း ရောဂါကူးစက်မှု များလာနိုင်တဲ့အတွက် အခုလို တားမြစ်ရခြင်းဖြစ်တယ်လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။ 

လက်ရှိမှာ ကိုဗစ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တချို့ကို ဖြေလျှော့ပေးခဲ့ပေမယ့်လည်း ပြည်သူတွေနဲ့အနေနဲ့ စည်းကမ်းလိုက်နာမှုအားနည်းလို့ လူနာတွေတိုးလာရင်တော့ စည်းကမ်းတွေပြန်လည်တင်းကြပ်လာနိုင်တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ သြဂုတ်လ(၂၀)ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်လူနာ (၃၉၆)ဦးရှိပြီး ပြန်လည်ကောင်းမွန်သူ (၃၃၃)ဦးနဲ့ သေဆုံးသူ (၆)ဦးရှိပါတယ်။






Author


က္က