သိန္ဒီကနေ လောက်ကိုင်အထိ သွားနိုင်တဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖျက်ဆီးခံရတာပါ။
Mi Thawdar Aung

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီကနေ လောက်ကိုင်၊ ကွမ်းလုံ လမ်းပိုင်း ၊ သိန္ဒီမြို့ နားတီးကျေးရွာအနီးက အမှတ် ၃ တံတားမှာ သြဂုတ်လ ၂၇ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိန္ဒီမြို့ ရဲစခန်းကနေ အတည်ပြု ပြောကြားပါတယ်။

Photo- Kyaw Zaw Fb

နားတီးကျေးရွားအနီး ၃၁ မိုင် အနီးက ပေ ၅၀ အရှည်ရှိတဲ့ အဆိုပါ တံတားမှာ မနေ့ည ၁၁ နာရီ ခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး  ယာဉ်တွေ သွားလာလို့မရဘူးလို့ သိန္ဒီမြို့ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

“ အဲဒီတံတားက သိန္ဒီကနေ ကွမ်းလုံ ၊ လောက်ကိုင်၊ အထိ ပေါက်တယ်။ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တံတားပေါ့။ အခုတော့ ယာဉ်တွေ သွားလို့မရဘူး” လို့ ရဲအရာရှိက ဆိုပါတယ်။

အဆိုပါ တံတားမှာ သြဂုတ်လ ၁၇ ရက်တုန်းကလည်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရပေမယ့် အနည်းငယ်သာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အခု မိုင်းခွဲခံခဲ့ရတာကြောင့် တံတားမှာ လုံး၀ ကျိုးကျသွားခဲ့ပြီး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

Photo- Kyaw Zaw Fb

လားရှိုး-သိန္ဒီ-ကွမ်းလုံလမ်းပေါ်က တံတားတွေမှာ သြဂုတ်လ ၁၇ ရက်နေ့က မိုင်းခွဲ ဖျက်ဆီးခံရမှုတွေကြောင့် ယာဉ်သွားလာမှု ပြတ်တောက်ခဲ့ပြီး  သြဂုတ်လ ၂၅ ရက် ညနေပိုင်းမှာတော့ ပြုပြင်ပြီးလို့ လမ်းပြန်ပွင့်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က နောင်ချိုနဲ့ နောင်ပိန်ကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ ဂုတ်တွင်းတံတား ဗုံးခွဲဖျက်ဆီးခံခဲ့ရပြီး ဘေလီတံတား အဖြစ် အစားထိုးတည်ဆောက်ခဲ့ပြီး သြဂုတ်လ ၂၀ ရက်မှာ ယာဉ်တွေ ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့သိရပါတယ်။


က္က