မြို့တော်စည်ပင်သတင်းစာရှင်းလင်းမှာပြောကြားခဲ့တာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ကားအစီး(၈၀)ဝယ်ယူရန်ဘတ်ဂျက်တိုးတောင်းရခြင်းကိစ္စနဲ့ ပတ်သက်ပြီးပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ကားအစီး(၈၀)ဝယ်ယူရန်ဘတ်ဂျက်တိုးတောင်းတာက ကျွန်တော်တို့အတွက်မဟုတ်ပါဘူးလို့ မြို့တော်ဝန်ဦးမောင်မောင်းစိုးက အောက်တိုဘာလ(၇)ရက်နေ့ကပြုလုပ်တဲ့ မြို့တော်စည်ပင်သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောလိုက်ပါတယ်။

“ တကယ်တော့ အခုကားတွေက ကျွန်တော်တို့သုံးဖို့မဟုတ်ပါဘူး။ တစ်ချို့နေရာတွေကျတော့ လိုအပ်တဲ့နေရာမှာသုံးတာပါ။ လိုအပ်တဲ့နေရာမှာသုံးတယ်ဆိုတာက ဘာလဲဆိုရင် လုပ်ငန်းခွင်ရဲ့ ပံ့ပိုးမှုပေါ့။ တစ်ချို့နေရာတွေမှာ ရာထူးချင်းတူရင်တောင် တစ်ချို့အလုပ်တွေက မလုပ်ရင်ရတယ်။ တစ်ချို့က သူများကိုခိုင်းလို့ရတာရှိတယ်။ တစ်ချို့ကမလုပ်လည်းဘာမှမဖြစ်ဘူး၊ လုပ်လည်းဘာမှမဖြစ်ဘူးဆိုပြီးရှိတယ်။ ကျွန်တော်တို့ YCDC မှာကျတော့ အကုန်လုံးက မလုပ်လို့မဖြစ်တဲ့ အရာတွေပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း တစ်ယောက်ကိုအလုပ်ခိုင်းတော့မယ်ဆိုရင် သူ့အတွက် facilities အပြည့်အစုံပေးမှရမှာ။ဒါကြောင့်အခုလိုလိုအပ်တဲ့နေရာတွေမှာ သုံးဖို့တောင်းခံတာဖြစ်တယ်” လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မီဒီယာတွေကိုပြောပါတယ်။

ဝန်ထမ်းတစ်ယောက်ကို facilities အပြည့်အစုံမပေးထားပဲ အလုပ်ပဲခိုင်းနေတာတွေကနေ ခြစားမှု၊ လာဘ်စားမှုတွေဖြစ်လာတာလို့လည်း မြို့တော်ဝန်ကပြောပါတယ်။

နိုင်ငံတော်က ကားတွေ၊အိမ်တွေပေးထားတယ်ဆိုတာက အလကားပေးထားတာမျိုးမဟုတ်ဘဲ အရေးပေါ်လိုအပ်တဲ့အလုပ်နေရာတွေကို အချိန်မီသွားနိုင်အောင်ပေးထားတာမျိုးဖြစ်သလို၊ တကယ်တမ်းကျတော့ ဒါတွေပေးထားတာက အခွင့်အရေးပေးသလိုလိုနဲ့ လုပ်ငန်းခွင်ကို ချုပ်ထားတာလို့ မြို့တော်ဝန်ကပြောကြားခဲ့ပါတယ်။ 



က္က