နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အာဇာနည်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်လာပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်ကြီး တွေကျဆုံးခြင်း ၇၂ နှစ်မြောက် အာဇာနည်နေ့ကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၊ဝန်ကြီးများရုံး၊ ဗိုလ်ချုပ် ပြတိုက်နဲ့ မြို့တော်ခန်းမတို့မှာ ကျင်းပခဲ့ပါတယ်။

ယခုနှစ် မှာ ထူးခြားချက်အနေဖြင့် အာဇာနည်ဗိမာန်မှာ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြု အခမ်းအနားမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း သမ္မတ တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်တဲ့ အခမ်းအနားလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဝန်ကြီးများရုံးမှာ အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင်လ ၁၉ ရက် မနက် ၇ နာရီဝန်းကျင်ခန့်မှာ ကျင်းပခဲ့ပြီး မနက် ၉ နာရီက စတင်ကာ ပြည်သူတွေကို လာရောက်လေ့လာခွင့်ပြုခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်ကနေ ဇူလိုင်လ ၂၁ ရက်အထိ ဝန်ကြီးများရုံးကို ပြည်သူတွေ အခမဲ့လာရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပေးထားပြီး ဗိုလ်ချုပ်တဲ့ လုပ်ကြံခံရတဲ့အခန်းကိုတော့ ပြင်ဆင်နေလို့ လေ့လာခွင့်မပြုထားဘူးလို့ သိရပါတယ်။

“ ကျွန်မတို့ ဘယ်လိုမှ မမေ့အပ်တဲ့ လွတ်လပ်ရေးရအောင် ကြံဆောင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးကို သိတတ်သောအားဖြင့် ကျေးဇူးဆပ်ခြင်းဖြစ်သလို အနာဂတ်ကို ဦးဆောင်မယ့်လူငယ်တွေအားလုံးက ဒီလို နိုင်ငံ့အတွက် စွန့်လွှတ်ပေးဆပ်နိုင်တဲ့ စိတ်ဓာတ်တွေ ဝင်လာဖို့ သွေးနွေးပေးတဲ့ နေ့ပဲ ဖြစ်ပါတယ်” လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဆရာမဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းသက်ရှိထင်ရှားရှိစဉ်က မိသားစုနဲ့ အတူနေထိုင်ခဲ့တဲ့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကိုလည်း ဇူလိုင် ၁၉ ရက်ကစပြီး ၃ ရက်တိုင်တိုင်လေ့လာခွင့်ပြုထားတယ်လို့ သိရပါတယ်။

ယခုနှစ် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နေအိမ်ပြတိုက်ရဲ့ ပထမအထပ်ကို လေ့လာခွင့်ပြုထားပြီး ဗိုလ်ချုပ်ရဲ့ ပုံတူပန်းချီနဲ့ ဇနီးဒေါ်ခင်ကြည်နဲ့ သားသမီးတွေ အတူရိုက်ကူးထားတဲ့ပုံကို ပြသထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒုတိယသားအောင်ဆန်းလင်း ရေနစ်မကွယ်လွန်မီ စာသင်ကျောင်းမှာ ရေးသားခဲ့တဲ့ စာကိုလည်း ယခုနှစ်မှာ ထူးထူးခြားခြားအနေနဲ့ ပြသထားပါတယ်။

၇၂ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တော်ခန်းမမှာလည်း ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲကိုလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အခုနှစ် အာဇာနည်နေ့ အခမ်းအနားတွေကို တစ်နိုင်ငံလုံး အနှံ့မှာ စည်စည်ကားကားကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က