ပွဲတော်ကျင်းပတာ နှစ်ပေါင်းရာချီကြာမြင့်ပြီး ရိုးရာအစဉ်အလာအဖြစ် ကျင်းပတာပါ။
Mi Thawdar Aung

မန္တလေးတိုင်း အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု စစ်ကိုင်းတံတားအနီး  ဧရာဝတီမြစ်ကမ်းနံဘေးမှာ  သမိုင်းဝင် ရွှေကြက်ကျဘုရားလှေဦးတိုက်ပွဲ ရေစာဝဲစာကျွေးပွဲနဲ့ လှေပြိုင်ပွဲတော်ကြီးကို  ဒီနှစ်မှာလည်း အစဉ်အလာမပြတ်ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရွေကြက်ကျဘုရားလှေဦးတိုက်ပွဲဟာ နှစ်စဉ်မြန်မာပြက္ခဒိန်ရဲ့ တော်သလင်းလပြည့်ကျော် ၇ ရက် နဲ့ ၈ ရက်တို့မှာ ကျင်းပပြီး မန္တလေးမြို့ရဲ့အစဉ်အလာအဖြစ် ကျင်းပတဲ့ ၁၂ ရာသီပွဲတော်တွေထဲကတစ်ခုဖြစ်ပါတယ်။

ပွဲတော်ကျင်းပခဲ့တာ သက်တမ်းအားဖြင့် နှစ်ပေါင်းရာချီကြာမြင့်ခဲ့ပြီး ရှေးမြန်မာဘုရင် မင်းလက်ထက်တွေကတည်းက ကျင်းပခဲ့ကြတဲ့ ဒေသဓလေ့ပွဲတော်တစ်ခုလို့လည်း ပြောရမှာပါ။

ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကိုဆွမ်းဆက်ကပ်လှူဒါန်းရင်း ရေစာဝဲစာကျွေးပွဲ ဧရာဝတီမြစ်ကမ်းဘေးရွှေကြက်ကျဘုရားအား လှေဦးတိုက်ပူဇော်ပွဲနဲ့အတူ ထူးထူးခြားခြား ငှက်လှေတွေ လှော်ခတ်ယှဉ်ပြိုင်ရတဲ့လှေပွဲသဘင်ကြောင့်လည်း ဒီပွဲတော်က ထင်ရှားကျော်ကြားတာလို့ သိရပါတယ်။

“ ဒီပွဲဟာ ၇ ရက်သားသမီး အန္တရာယ်ကင်းဖို့ ဖြစ်တယ်။ မင်းတုန်းမင်းလက်ထက်ကတည်းက ကျင်းပလာတာလို့ သိရပါတယ်။ ရှေးမြန်မာလက်ထည်ကတည်းက အခုအထိအစဉ်အလာမပြတ်လုပ်ဆောင်ရတဲ့ပွဲဖြစ်ပါတယ်” လို့ ရွှေကြက်ယက် ရွှေကြက်ကျဘုရားလ ဂေါပကအဖွဲ့ နာယကဦးအေးကိုက Duwun ကိုပြောပါတယ်။

ပွဲတော်ရဲ့ထူးခြားမှုက ဧရာဝတီမြစ်ထဲကနေ ရွှေကြက်ကျဘုရားအားလှေဦးတိုက်ပူဇော်တဲ့အစီအစဉ် နဲ့ ငှက်လှေနဲ့ယှဉ်ပြိုင်ရတဲ့လှေပြိုင်ပွဲကြောင့်ဖြစ်ပါတယ်။

အထူးသဖြင့် လှေပြိုင်ပွဲကျင်းပတဲ့အချိန်တွေမှာဆိုရင် ဧရာဝတီမြစ်ကမ်းနံဘေးမှာ လူပေါင်း ထောင်နဲ့ချီလာရောက်ကျပြီး  ကြက်ပျံမကျစည်ကားသိုက်မြိုက်လေ့ရှိပါတယ်။

“ လှေပြိုင်ပွဲက လှေတွေက လောင်းလှေမဟုတ်ဘူး။ ငှက်လှေအမျိုးအစားတွေပါ။ လှေလှော်သား ဆယ်ဦးရှိပြီး ပဲ့ကိုင်တစ်ဦးရှိပါတယ်။ လှော်တဲ့နေရာမှာ ဌက်လှေရဲ့ နံရံပေါ်မှာ ဒူးတုပ်ပြီး အားသွန်ခွန်စိုက်လှော်ခတ်ရတာပါ။” လို့ ရွှေကြက်ယက်ရွှေကြက်ကျဘုရားဂေါပကအဖွဲ့မှ အတွင်းရေးမှူးဦးမြသွင်က Duwun ကိုပြောပါတယ်။

 

ဘုရားပွဲမှာကျင်းပပြုလုပ်တဲ့ လှေပြိုင်ပွဲဟာတစ်ခြားဒေသတွေနဲ့မတူဘဲ သမ္ဗာန်လှေ(ဒေသအခေါ် ငှက်လှေ)တွေနဲ့ တစ်မူထူးခြားစွာလှော်ခတ်ယှဉ်ပြိုင်ကြရတာဖြစ်တာကြောင့် ထင်ရှားထူးခြားတဲ့ လှေပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ပြောင်းလာခဲ့ပေမယ့်လည်း ဒီပွဲတော်က ရိုးရာဓလေ့အစဉ်အလာအတိုင်း ကျင်းပနေကြဆဲဖြစ်ပါတယ်။

အခုနှစ်လှေပြိုင်ပွဲမှာ ကျေးရွာကိုယ်စားပြုငှက်လှေအသင်း ၁၄ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။


က္က