ဒီကနေ့ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကကျောင်းသားတွေကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်စဉ်အခါက ဝူဟန်မှာ ကျန်ခဲ့တဲ့ မြန်မာကျောင်းသား နှစ်ဦးကိုတော့ ဒီကနေ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ က အိန္ဒိယ လေတပ်က ဦးဆောင်ကာ အိန္ဒိယနိုင်ငံကို ခေါ်ဆောင်ထားတယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးကထုတ်ပြန်ထားပါတယ်။

အဆိုပါမြန်မာကျောင်းသားနှစ်ဦးကိုတော့ ဘေးကင်းလုံခြုံစွာနဲ့ ခေါ်ဆောင်ထားပြီး လိုအပ်သောအကူအညီများ အားလုံးကိုလည်း အိန္ဒိယအစိုးရက တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။ 



“ လက်ရှိမှာတော့ အိန္ဒိယ နိုင်ငံမှာခေါ်ဆောင်ထားတယ်ပေါ့။ သူတို့ ကို အဲဒီမှာပဲ ကျန်းမာရေးအခြေအနေကို(၁၄)ရက်ကြာစောင့်ကြည့်သွားမယ်။ ပြီးမှမြန်မာနိုင်ငံကို ပြန်ခေါ်မှာပါ။ အခုတော့ အိန္ဒိယအစိုးရဘက်ကလည်း လိုအပ်တာတွေအားလုံးစီစဉ်ဆောင်ရွက်ပေးထားပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးကိုကို က Duwun ကိုပြောပါတယ်။ 

ယခု အိန္ဒိယနိုင်ငံက ခေါ်ဆောင်ထားတဲ့ မြန်မာကျောင်းသားနှစ်ဦးဟာ မြန်မာနိုင်ငံက ဝူဟန်မှပိတ်မိနေတဲ့ ကျောင်းသားတွေကို ပြန်လည်ခေါ်ဆောင်စဉ်က ကိုယ်အပူရှိန်မြင့်မားနေလို့ ထားခဲ့့ ကျောင်းသား နှစ်ဦးလည်းဖြစ်ပါတယ်။ 

မြန်မာကျောင်းသားတွေကို ပြန်လည်ခေါ်ဆောင်လာစဉ်က ကျောင်းသားအားလုံး(၅၉)ဦးကို ခေါ်ဆောင်လာနိုင်ခဲ့ပြီး အဆိုပါကျောင်းသားတွေကိုလည်း မန္တလေးက ကန်တော်နဒီဆေးရုံမှာ (၁၄) ရက်ကြာစောင့်ကြည့်ခဲ့ပြီးမှနေရပ်တွေကို ပြန်ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဟာ အိန္ဒိယနိုင်ငံကို အလည်အပတ် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကတည်းက ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က