ဒီနေ့ပထမအကြိမ်ရုံးထုတ်ခဲ့တာပါ။
Minn Nandar

ထုံးဘို- မြစ်ငယ်တန်ပိုဂိတ်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန် ဌာနမှဦးမျိုးအောင်နဲ့အဖွဲ့ဟာ မော်တော်ယာဉ်တွေကိုဘီးခွန်စစ်ဆေးရေးဆောင်ရွက်နေစဉ် ဦးသန်းဇော်ဆိုသူမောင်းနှင်လာတဲ့မောင်တော်ယာဉ်ကိုစစ်ဆေးခဲ့ရာမှာ ဘီးခွန်ဟာအတုပြုလုပ်ထားတာကိုစစ်ဆေးတွေ့ရလို့မေးမြန်းရာကနေ ကွင်းဆက်ဖမ်းမိခဲ့တာပါ။

photo-Zaw Myo Thant

မန္တလေးမြို့ကဘုန်းတော်ကြီးကျောင်းတစ်ခုအတွင်းမှာ ယာဉ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းအတု၊ နံပါတ်ပြားအတုပြုလုပ်သူတွေကို အမှုကွင်းဆက် ဖော်ထုတ်မှုအရ ရဲတပ်ဖွဲ့နဲ့ သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့က ယမန်နေ့ကဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။

မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်ဆိုင်ရာ စာရွက်စာတမ်းအတုတွေ နံပါတ်ပြားအတုတွေအပါအဝင် ဆက်စပ်ပစ္စည်းအတုတွေပြုလုပ်နေတယ်လို့ အမှုကွင်းဆက်ဖော်ထုတ်မှုအရ ပူးပေါင်းအဖွဲ့ကဝင်ရောက်ရှာဖွေဖမ်းဆီးလိုက်တာပဲဖြစ်ပြီး ဒီကနေ့မှာတော့ ၎င်းတို့ကို အမရပူရမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ပြီးချုပ်ရက်ရမန်ယူခဲ့တာပါ။

"သူတို့ကို မြစ်ငယ်ရဲစခန်းအချုပ်ထဲမှာပဲထိန်းသိမ်းထားဆဲပါ၊ အချုပ်ထောင်မပို့သေးပါဘူး၊ ဒီနေ့ကချုပ်ရက်ရမန်ယူတာပါ၊ ရဲလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ အတွက် ရမန်ကြီးနှစ်ပတ်ခွင့်ပြုလိုက်တာပါ" လို့ တရားရုံးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့် အမရပူရမြို့နယ် ထုံးဘို-မြစ်ငယ်တန်ပိုဂိတ်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန် ဌာနမှဦးမျိုးအောင်နဲ့အဖွဲ့ဟာ မော်တော်ယာဉ်တွေကိုဘီးခွန်စစ်ဆေးရေးဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းအတိုင်း တောင်မှမြောက် သို့ ဦးသန်းဇော်ဆိုသူမောင်းနှင်လာတဲ့မောင်တော်ယာဉ်ကိုစစ်ဆေးခဲ့ရာမှာ ဘီးခွန်ဟာအတုပြုလုပ်ထားတာကိုစစ်ဆေးတွေ့ရလို့မေးမြန်းရာကနေ ဦးသန်းဇော်က ၎င်းရဲ့အသိမိတ်ဆွေဖြစ်တဲ့ ဖက်တီး(ခ)လှဝင်းအောင်ဆိုသူကိုအကူအညီတောင်းခံခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖက်တီးကိုစစ်မေးရာမှာတော့ စိုးနိုင်ဆိုသူကို လိုင်စင်သက်တမ်းတိုးပေးဖို့အပ်နှံခဲ့တာလို့သိရပါတယ်။

photo-Zaw Myo Thant

ဒီဖြစ်စဉ်မှာကွင်းဆက်တရားခံတွေရှိနေသေးတယ်လို့သိရတာကြောင့် ဝင်းအောင်(ခ)ဦးဝင်းပါ ၃ ဦးအားဆက်လက်စစ်ဆေးခဲ့တာမှာ စစ်ဆေးပေါ် ပေါက်ချက်အရ မိုးမခ(ခ)မိုးမင်းနဲ့၎င်းရဲ့ညီဖြစ်သူမြတ်မင်းသော်တို့ဟာ ပြည်ကြီးတံခွန်မြို့နယ် ၇၈ လမ်းပေါ်ရှိ မန်းမြို့တော်လက်ဖက်ရည်ဆိုင်ဆီ လာရောက်မှာဖြစ်ကြောင်းသိရလို့ တိုင်းမှုခင်းအကူဌာနစိတ်မှဒုရဲအုပ်အောင်ကျော်မင်းနဲ့ပူးပေါင်းအဖွဲ့ သွားရောက်စောင့်ဆိုင်းနေစဉ် မိုးမခ(ခ) မိုးမင်းရောက်လာပြီး ၎င်းထံမှ မန္တလေးမြို့တော်စည်ပင်သာယာရေးဘီးခွန်ကတ်အတု ၃ ခုနဲ့ ၎င်းစီးလာတဲ့မော်တော်ဆိုင်ကယ် ၁ စီးနဲ့ ဟန်းဖုန်း ၁ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ ခဏအကြာမှာ ၎င်းရဲ့ညီဖြစ်သူမြတ်မင်းသော်ရောက်လာလို့ ၎င်းအားလည်းရှာဖွေစစ်ဆေးရာမှာ ယာဉ်မောင်းလိုင်စင်အတု ၂ ခု၊ ၎င်းစီးလာတဲ့ဆိုင်ကယ်နဲ့ဟန်းဖုန်း ၁ လုံး ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းမိခဲ့ပါတယ်။

မိုးမခနဲ့မြတ်မင်းသော်တို့ရဲ့ထွက်ဆိုချက်အရ ဘုန်းတော်ကြီးကျောင်းဆီဝင်ရောက်ရှာဖွေရာမှာ မဟာအောင်မြေမြို့နယ်နေသူတွေဖြစ်ကြတဲ့ခိုင်ဇော်ထွန်း(ခ)ဖက်တီး၊ မျိုးသူရဇော်(ခ)မျိုးလေးနဲ့ ဝင်းထိန်(ခ)ဝင်းအောင်တို့ ၃ ဦးကို ယာဉ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းအတု၊ နံပါတ်ပြားအတုတွေပြုလုပ်ရာမှာအသုံးပြုတဲ့ သက်သေခံပစ္စည်းတွေ ဆက်စပ်ပစ္စည်းတွေနဲ့အတူတွေ့ရလို့ ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းကဖော်ပြပါရှိပါတယ်။

ဒီကနေ့ရုံးထုတ်စစ်ဆေးမှုမှာ ပါဝင်ပတ်သက်သူ ၈ ဦးစလုံးကို ရဲလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တရားရုံးက ချုပ်ရက်ရမန်နှစ်ပတ်ပေးခဲ့ပြီး လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့ရုံးချိန်းထပ်မံချိန်းဆိုထားတယ်လို့သိရပါတယ်။


က္က