မကြာမီကာလအတွင်း အသုံးပြုရတော့မှာပါ။

YBS ယာဉ်တွေမှာ ငွေပေးချေတဲ့ ကတ်ကို ဈေးဝယ်ကတ်အဖြစ်ပါ အသုံးပြုနိုင်အောင် စီစဉ်နေတာကြောင့် အချိန်ယူ ပြင်ဆင်နေရတယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့တွင်းက YBS ယာဉ်အချို့



ဇွန်လ ၅ ရက်က ရန်ကုန်တိုင်းအစိုးရရုံးခန်းမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရ တတိယ (၁) နှစ်တာ ဆောင်ရွက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

YBS ယာဉ်လိုင်းတွေမှာ ကားခပေးတဲ့စနစ်ကို ငွေကြေးအစား (Yangon Payment Service) YPS  ကတ်စနစ်နဲ့ ပေးနိုင်ဖို့အတွက် စီစဉ်နေရာ အဆိုပါကတ်ကို YBS ယာဉ်တွေ၊ Water Bus၊ မီးရထား အစရှိတဲ့ အခြားသယ်ယူပို့ဆောင်ရေးကဏ္ဍတွေ အပြင် ဈေးဝယ်တာက အစအသုံးပြုလို့ရတဲ့ ကတ်စနစ်ဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ဒေါ်နီလာကျော်က ပြောကြားခဲ့တာပါ။

“ စနစ်တိုင်းမှာ အသုံးပြုလို့ရမယ့် ကတ်ဖြစ်တဲ့အတွက် စနစ်တကျ စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ မကြာခင်လပိုင်းအတွင်းမှာ YPS လို့ခေါ်တဲ့ Yangon Payment Service ကိုစတင်နိုင်တော့မှာပါ” လို့ ဆိုပါတယ်။

ကတ်စနစ်နဲ့ ငွေပေးချေမှုကို ပြည်သူတွေအကြား လက်လှမ်းမီတဲ့ စနစ်ဖြစ်အောင် ကတ်တွေကို ဘတ်စ်ကားမှတ်တိုင်တွေ အနီးအနားမှာပဲ ဝယ်ယူလို့ရအောင် စီစဉ်ပေးထားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲပါတယ်။

YPS ကတ်စနစ်ကို စမ်းသပ် အသုံးပြုစဉ်။

“ မကြာမီကာလအတွင်း YBS ယာဉ်လိုင်းတွေမှာ Payment ကတ်စနစ်နဲ့ စီးနိုင်ဖို့အတွက ်ဆက်လက်ဆောင်ရွက်နေပါတယ်။ စစချင်းမှာတော့ ကတ်စနစ်အပြင် ငွေပုံးစနစ်နဲ့ ငွေပေးလို့ရအောင်လည်း စီစဉ်ပေးထားပါမယ်” ဆိုပြီး ဦးဖြိုးမင်းသိန်းက အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

အဆိုပါ ကတ်စနစ်နဲ့ ငွေပေးချေနိုင်တဲ့စနစ်ကို ယခုနှစ် အစပိုင်းကတည်းက ပြင်ဆင်နေတာဖြစ်ပြီး ၉ လအတွင်း လိုအပ်တဲ့ စက်ကိရိယာတွေကို ယာဉ်စီးရေ လေးထောင်မှာ တပ်ဆင်မှာဖြစ်ကာ ၆ လအတွင်း အစီးရေ ၂၀၀၀ မှာ အသုံးပြုလို့ရအောင်စီစဉ်မယ်လို့ ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ YBS (၂) နှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းမှာ လူဦးရေ ၈ ဒသမ ၂ သန်းခန့် နေထိုင်ပြီး နေ့စဉ် ရန်ကုန်မြို့မှာ YBS အသုံးပြုသူ ၂၄ သိန်းခန့် ရှိတယ်လို့ JICA အဖွဲ့အစည်းရဲ့ စာရင်းတွေ အရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က