ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောခဲ့တာပါ။
Mi Thawdar Aung

YBS ကားခတွေကို ကတ်နဲ့ ငွေချေလို့ရမယ့် စနစ် စတင်ပါက ဘတ်စ်ကားမှတ်တိုင်တွေမှာ  ငွေပေးချေနိုင်တဲ့ ကတ် (Yangon Payment Service) ကတ်တွေကို အခမဲ့ ဖြန့်ဖြူပေးမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ကတ်တွေကို ပြည်သူလူထု လွယ်ကူစွာ ဝယ်ယူနိုင်အောင်၊ ငွေသွင်းနိုင်အောင် ဘတ်စ်ကားမှတ်တိုင်တွေမှာ ရောင်းချပေးသွားမှာဖြစ်ပြီး ရရှိတဲ့ အကျိုးအမြတ်တွေကို အများပြည်သူတွေအတွက် ပြန်လည်အသုံးပြု မှာဖြစ်တယ်လိုု့ သိရပါတယ်။

ရရှိတဲ့ ငွေကြေးတွေကို မသန်စွမ်းအဖွဲ့အစည်းတွေ၊ ကြက်ခြေနီအသင်းအဖွဲ့၊  ကင်းထောက်အဖွဲ့အစည်းတွေကို ခွဲဝေပေးသွားမယ်လို့ ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

“ ပြည်သူလူထုက ကတ်တွေကို လွယ်လွယ်ကူကူဝယ်လို့ရအောင်၊ ကတ်စနစ်နဲ့ ဘတ်စ်ကား စီးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ်။ YBS ၃ နှစ်ပြည့်တဲ့အချိန်မှာ ကတ်စနစ် အမြန်ဆုံးစတင်နိုင်မှာပါ။ “ လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

လက်ရှိတော့  YBS ကုမ္ပဏီ (၄) ခုက ယာဉ်လိုင်းပေါင်း (၁၅၀၀) မှာ Yangon Payment Service စနစ်စတင်ဖို့ ကတ်နဲ့ ငွေပေးချေနိုင်တဲ့ စက်တွေကို အခုနှစ်အတွင်း ဦးစားပေးတပ်ဆင်ပြီး စမ်းသပ်လည်ပတ်သွားမယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏကာပိုင် အဖွဲ့က ကြေညာထားပါတယ်။

နေ့စဉ် ရန်ကုန်မြို့မှာ YBS လိုင်းပေါင်း ၁၀၀ ကျော် ၊ ယာဉ်စီးရေ (၄၃၀၀) ကျော် ပြေးဆွဲနေပြီး ခရီးသွားပြည်သူ ၁ ဒဿမ ၈ သန်းလောက်က ဘတ်စ်ကား အသုံးပြုနေတယ်လို့လည်း သိရပါတယ်။


က္က