ယာဉ်မောင်း ၄၉၅၀ ဦး စမတ်ကတ်အသုံးပြုနေ
Mi Thawdar Aung

ခရီးသည် တိုင်ကြားမှုတွေကို အလွယ်တကူစိစစ်နိုင်ဖို့၊ ယာဉ်မောင်းတွေရဲ့ အချက်အလက်တွေကို အလွယ်တကူသိရှိနိုင်ဖို့ ရည်ရွယ်ပြီး YBS မောင်းနှင်တဲ့ ယာဉ်မောင်းတွေကို စမတ်ကတ်တွေ ထုတ်ပေးနေရာ လက်ရှိမှာ ယာဉ်မောင်း ၄၉၅၀ ဦးကို ထုတ်ပေးခဲ့ပြီးလို့သိရပါတယ်။

YBS မောင်းနှင်တဲ့ ယာဉ်မောင်းတွေအနေနဲ့ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စမတ်ကတ်လုပ်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်က တာမွေမြို့နယ် YRTA ရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

“ YBS ယာဉ်မောင်းတွေဟာ ယာဉ်မောင်းနှင်စဉ်ကာလမှာ ယာဉ်ပေါ်တက်ပြီဆိုတာနဲ့  လိုင်စင်ပါရမယ်။YRTAက ထုတ်ပေးတဲ့ စမတ်ကတ် မဖြစ်မနေပါရပါမယ်။  YBS ကုမ္ပဏီတွေအနေနဲ့ စမတ်ကတ်လုပ်စရာလိုနေသေးတဲ့ ယာဉ်မောင်းတွေကို အောက်တိုဘာ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး စာရင်းပေးဖို့ တင်ပြထားပြီးသားရှိပါတယ်” လို့ YRTA မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။

စမတ်ကတ်အသုံးပြုခြင်းကြောင့် ယာဉ်မောင်းအတွက်လည်း အားသာချက်ရှိပြီး ယာဉ်မောင်းတစ်ယောက်ရဲ့ ယာဉ်မောင်းနှင်မှု အခြေအနေ၊ မည်သည့်ယာဉ်လိုင်းမှာ မောင်းနှင်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို YRTA မှာအပြင် YBS ကုမ္ပဏီတွေမှာပါ မှတ်တမ်းတင်ထားပြီးသားဖြစ်တယ်လို့သိရပါတယ်။

“ ကုမ္ပဏီတွေအနေနဲ့ သူတို့ဆီမှာ ယာဉ်မောင်းတစ်ယောက် အလုပ်လာလျှောက်ပြီဆိုရင် ဒီယာဉ်မောင်းက တခြားကုမ္ပဏီက ထုတ်ပယ်ခဲ့လို့ ရောက်လာတာလားဆိုတာမျိုး ပြန်ပြီး ဆန်းစစ်ရတာက ပိုလွယ်သွားတယ်။ ကျွန်တော်တို့ YRTA ဘက်ကလည်း ဒီယာဉ်မောင်းက ဘယ်လိုအခြေအနေတွေ ရှိခဲ့လဲဆိုတာမျိုးကို ပြန်ကြည့်လို့ရတယ်” လို့ ဦးအောင်ညီညီမော်က ဆက်လက်ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ အောက်တိုဘာ ၁၅ ရက်အထိ YBS ယာဉ်မောင်းတွေကို ချလံဖြတ်ဖမ်းဆီးမှုပေါင်း ၄၆၀ ကျော်ရှိပြီး တိုင်ကြားမှုပေါင်း ၉၄ မှုရှိခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိရန်ကုန်မြို့မှာ YBS ယာဉ်လိုင်း၁၀၀ ကျော်မှ ယာဉ်အစီးရေ ၆၀၀၀ ကျော် ပြေးဆွဲပေးနေပြီး နေ့စဉ် YBS အသုံးပြုတဲ့ ခရီးသွားပြည်သူ ၁ ဒဿမ ၈ သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။


က္က