loading...

loading...

loading...

မတ်လ ၄ ရက်နေ့မှာတော့ စောင့်ကြည့်လူနာ (၃) ဦးထပ်တိုးခဲ့ကြောင်း သိရပါတယ်။
Mi Thawdar Aung

COVID-19 ရောဂါ သံသယလက္ခဏာတွေ့ရှိခဲ့လို့ သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြည့်ကုသပေးနေတဲ့လူနာ (၅) ဦးမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ လူနာ (၅) ဦးမှာ ကန်တော်နဒီဆေးရုံက အသက် (၂၄) နှစ်အရွယ် အမျိုးသား (၁) ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၂၅) နှစ်အရွယ် တရုတ်နိုင်ငံမှ အမျိုးသမီး (၁) ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၃၈) နှစ်အရွယ် တရုတ်နိုင်ငံမှ အမျိုးသား (၁) ဦး၊ကျောက်ပန်းတောင်းဆေးရုံမှ အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးနဲ့ သူရဲ့ ဇနီး တို့ဖြစ်တယ်လို့သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မတ်လ ၄ ရက် ည ၈ နာရီထုတ်ပြန်ချက်အရတော့ စောင့်ကြည့်လူနာ (၃) ဦး ထပ်တိုးခဲ့ပါတယ်။

အဆိုပါ လူနာ (၃) ဦးမှာ ကချင်ပြည်နယ်ဝိုင်းမော်မြို့က အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦး၊ မန္တလေးမြို့က အသက် (၆၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ရန်ကုန်မြို့က အသက် (၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကချင်ပြည်နယ်ဝိုင်းမော်မြို့က အသက် (၂၈) နှစ်အရွယ် အမျိုးသားမှာ တရုတ်နိုင်ငံ၊ ထိန်ချုံးပြည်နယ်မှာ အလုပ်သွားလုပ်ပြီး မတ်လ ၁ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ရာ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီးနယ်စပ်ဂိတ်မှာ ကိုယ်အပူချိန်မြင့်တက်နေခဲ့ပါတယ်။

ဒါကြောင့် ကန်ပိုင်တီး တိုက်နယ်ဆေးရုံကို လွှဲပြောင်းပြီး စစ်ဆေးခဲ့ရာမှာ လူနာဟာ ဖေဖော်ဝါရီ ၂၃ ရက်က စတင်ပြီး ဖျားနာ၊ ချောင်းဆိုး၊အသက်ရှုကြပ်၊မောတာတွေ တွေ ခံစားခဲ့ရတာကြောင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ သီးခြားကုသပေးနေပြီး ဓါတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က အသက် (၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ရာ ဖျားနာချောင်းဆိုး၊ မောပန်းလက္ခဏာတွေ ခံစားရတာကြောင့် ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ကုသပေးနေပြီး ဓါတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ (၄) ရက် ညနေ ၆ နာရီအထိတော့ လူနာ (၇) ဦးမှာ သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုကုသပေးနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


loading...

က္က