(၅) ရက်အတွင်း ရောဂါလက္ခဏာ ပြန်လည်သက်သာလာကြတာဖြစ်ပါတယ်။

ကိုဗစ်သံသယလူနာအဖြစ် အိမ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုခံယူပြီး ပြန်လည် သက်သာလာသူ လက်ရှိအချိန်မှာ ၂၀၀ နီးပါးခန့် ရှိလာတယ်လို့ Community Fever Clinic Yangon Network မှ ဒေါက်တာ ကျော်မင်းထွန်းက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ တစ်နေ့တစ်ခြား များပြားလာနေတဲ့ ကိုဗစ်ပိုးတွေ့လူနာတွေ၊ စောင့်ကြည့်လူနာတွေကို ထားရှိဖို့ ဆေးရုံတွေမှာ နေရာအခက်အခဲဖြစ်နေတာကြောင့် ကိုဗစ်သံသယလက္ခဏာပြသတဲ့ လူနာတွေကို နေအိမ်တွေမှာပဲ ရောဂါကာကွယ်ရေးစည်းမျဉ်းနဲ့အညီ နေထိုင်ဖို့ ညွန်ကြားထားရတာဖြစ်တယ်လို့ သိရပါတယ်။



အထူးသဖြင့် အနံ့ပျောက်တာ၊ ဖျားနာတာ စသဖြင့် သံသယလက္ခဏာပြပြီး အခြားရောဂါမရှိတဲ့ လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေကိုအိမ်မှာပဲ နေခိုင်းထားရပြီး အများစုကတော့ ငါးရက်အတွင်းမှာ အဖျားကျသွားတာ၊ အနံ့ ပြန်ရတာ စသဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ကြတယ်လို့ ဒေါက်တာ ကျော်မင်းထွန်းက ဆိုပါတယ်။

“ တကယ်တော့ သံသယလူနာတွေက ဆေးရုံသွားပြီး နေရမှာပေါ့။ ဒါပေမယ့် လက်ရှိအခြေအနေက ဆေးရုံတွေမှာနေရာအခက်အခဲကြောင့် ချက်ချင်းပို့ဆောင်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့က သံသယလူနာတွေထဲမှာ အိမ်မှာပဲ နေလို့ရမယ့် သူတွေကို ခွဲလိုက်တယ်။ အထူးသဖြင့် လူငယ်တွေ၊ လူလတ်ပိုင်းတွေပေါ့။ သူတို့က အနံ့ပျောက်တာ၊ ဖျားတာဆိုရင် အိမ်မှာနေခိုင်းတယ်။ အိမ်မှာထားပြီး ပြန်ကောင်းသွားတဲ့လူနာ အခုချိန်ထိဆိုရင် ၂၀၀ ဝန်းကျင်လောက် ရှိပါတယ်။ ဒီရောဂါက (၅) ရက်ဝန်းကျင်လောက်ဆိုသက်သာတယ်။ တစ်ချို့ အဖျားကျသွားပြီ။ အနံ့ ပြန်ရသွားပြီဆိုပြီး ကျွန်တော်တို့ကို ဆက်သွယ်လာပါတယ်” လို့ ဒေါက်တာကျော်မင်းထွန်းက Duwun ကိုပြောပါတယ်။

ဓာတ်ပုံ- အင်းစိန် ဖျားနာဆေးကုခန်းမှာ ဓာတ်ခွဲနမူနာစစ်ဆေးပေးနေစဉ်။

အိမ်မှာပဲ နေထိုင်ရတဲ့ သံသယလူနာတွေကိုတော့ နေထိုင်ရမယ့် နည်းလမ်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမယ့်နည်းလမ်းတွေကို အဆက်မပြတ် ညွန်ကြားထားပြီး အရေးပေါ် အခြေအနေရှိလာရင်တော့ ချက်ချင်းဆက်သွယ်ခိုင်းစေပြီး ဆေးရုံကို အချိန်မှီပို့ဆောင်ပေးနိုင်ဖို့ ပြင်ဆင်ထားရတယ်လို့လည်း သိရပါတယ်။

“ အိမ်မှာနေရတဲ့ သံသယလူနာတွေကို ကျွန်တော်တို့က ဘယ်လိုနေ ဘယ်လိုထိုင်ပေါ့။ ပြောပြတယ်။ သီးခြား အခန်းရှိရင် သီးခြားနေခိုင်းတယ်။ အိမ်မှာနေရင်း နှာခေါင်းစည်းတပ်ခိုင်းတယ်။ အစာအာဟာရ ဝအောင်စားခိုင်းတယ်။ သန့်ရှင်းလတ်ဆတ်အောင်တဲ့အစားအစာတွေ စားခိုင်းတယ်။အားဆေးအနေနဲ့ ဗီတာမင်စီ ၅၀၀ ကို မနက် တစ်လုံး ညတစ်လုံးသောက်ခိုင်းတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူဆိုရင် အောက်ဆီဂျင်တိုင်းတဲ့စက်ကလေးဝယ်ခိုင်းတယ်။ pulse oximeter လို့ ခေါ်ပါတယ်။ အဲဒါလေးနဲ့ တစ်ရက်ကို အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်လောက် တိုင်းခိုင်းတယ်။ အောက်ဆီဂျင် ဘယ်လောက် ရှိလဲ မှတ်ထားပေါ့။ အောက်ဆီဂျင် ကိုးဆယ်အပေါ်မှာဆိုရင်တော့ သိပ်ပြီး မစိုးရိမ်ရဘူး။ ကိုးဆယ်အောက်ဆိုရင်တော့ ချက်ချင်း ဆေးရုံပို့ရတဲ့အနေအထားပေါ့။ “ လု့ိ ဒေါက်တာ ကျော်မင်းထွန်းက ပြောပြပါတယ်။

လက်ရှိအချိန်ထိ ကိုဗစ်သံသလူနာအဖြစ် နေအိမ်မှာပဲ နေထိုင်ပြီး အရေးပေါ်အခြေအနေတွေကြောင့် ဆေးရုံပို့ရတဲ့သူ အနည်းစုသာရှိတယ်လို့လည်း သိရပါတယ်။

သံသယလူနာအဖြစ်နေအိမ်မှာပဲ နေထိုင်ပြီး ပြန်လည်ကောင်းမွန်သွားသူတွေကိုတော့ နှစ်ပတ်ခန့် အပြင်မထွက်ဖို့ကိုလည်း ဆက်လက်ညွန်ကြားထားရတယ်လို့လည်းသိရပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ကူးစက်လူနာတွေမြင့်တက်မှုကြောင့် ဆေးရုံတွေမှာထားဖို့ နေရာမလုံလောက်တော့တာကြောင့် မြို့နယ်အသီးသီးက သံသယလူနာအများစုဟာ ဆေးရုံတွေကို သွားဖို့ အခက်အခဲရှိနေပြီး နေအိမ်တွေမှာပဲ နေထိုင်မှုတွေ ပြုလုပ်လာကြရတာလည်းဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာ (၂၄) ရက်မှာဆိုရင် လှိုင်မြို့နယ်မှာ နေထိုင်သူ (၈၂) ဦးခန့်ဟာ အနံ့ပျောက်ပြီး ကိုဗစ်သံသယလက္ခဏာတွေ ရှိနေပေမယ့် ဆေးရုံတွေကို သွားဖို့ အခက်အခဲဖြစ်နေတာကြောင့် နေအိမ်တွေမှာပဲ စောင့်ကြည့်နေရတယ်လို့ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ထွန်းက Duwun ကိုပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က