မနေ့က ညနေပိုင်းကတွေ့ရှိခဲ့တာပါ။

သေဆုံးနေတဲ့အမျိုးသမီးအလောင်းက အသက်(၄၀)ဝန်းကျင်ဖြစ်ပြီး လည်ပင်းမှာ အင်္ကျီ တစ်ထည်နဲ့ ရစ်ပတ်ပြီး အသတ်ခံထားရတဲ့အနေအထားကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတောင်ခြေ ချင်းတွင်းမြစ် ရေဆိပ်ဆင်းလမ်းမှာ ဒီဇင်ဘာလ(၁၅)ရက်နေ့ ညနေပိုင်းက အမည်မသိအမျိုးသမီးအလောင်းတွေ့ရှိခဲ့တယ်လို့ ယင်းမာပင်ရဲစခန်းမှသိရပါတယ်။ အဆိုပါအမျိုးသမီးအလောင်းကို ရေဆိပ်ဆင်းလမ်းဘေးရှိ အပင်တွေကြားကတွေ့ရှိရတာဖြစ်ပြီး ရေသန့်ဘူးကောက်တဲ့ အမျိုးသမီးနှစ်ဦးက တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ မနေ့က ညနေ(၅)နာရီကျော်လောက်က ရေသန့်ဘူးကောက်တဲ့အမျိုးသမီးတွေက စပြီးတွေ့ရှိတာ။ သေဆုံးတဲ့ အမျိုးသမီးရဲ့လည်ပင်းမှာ ရှပ်အင်္ကျီတစ်ထည်နဲ့ လည်ပင်းကိုရစ်ပတ်ပြီးသတ်ထားတဲ့အနေအထား။ တခြားပြင်ပဒဏ်ရာတော့မရှိဘူး။ လည်ပင်းမှာ ညစ်ထားတဲ့ဒဏ်ရာပဲရှိတယ်။ ဒါပေမယ့် ဆရာဝန်ဆေးစစ်ချက်ထွက်လာမှ အဖြေအတိအကျသိရမှာ” လို့ ယင်းမာပင်ရဲစခန်းမှ ရဲမှူးမိုးခိုင်က Duwun ကိုပြောပါတယ်။

အမျိုးသမီးကိုတော့ အသတ်ခံရကြောင်း ရဲတပ်ဖွဲ့ကယူဆထားပြီး လက်ရှိမှာတော့ အလောင်းကို ယင်းမာပင်ဆေးရုံကိုပို့ကာ ဆေးစစ်ဆေးချက်တွေဆောင်ရွက်လျှက်ရှိပါတယ်။ အသတ်ခံရတဲ့ အမျိုးသမီးက အသက်(၄၀)ဝန်းကျင်ဖြစ်ပြီး မည်သူမည်ဝါဆိုတာကို မသိရသေးပါဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ နီးစပ်ရာမြို့တွေကို သတင်းပို့ထားပြီး အမျိုးသမီးရဲ့နေရပ်လိပ်စာနဲ့ အမည်ကို စုံစမ်းလျှက်ရှိပါတယ်။

ရဲဆေးစစ်ဆေးချက်စာမှာလည်း သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ မသေခင် အဓမ္မပြုကျင့်ခံထားရရခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးချက်မှာထည့်ထားတယ်လို့ ရဲမှူးမိုးခိုင်ကပြောပါတယ်။

အမျိုးသမီးရဲ့အလောင်းကတွေ့ရှိရတဲ့ အနေအထားက သတ်ပြီး ရက်အတော်ကြာမှာတွေ့ရှိတာမျိုးမဟုတ်ဘဲ အလောင်းတွေ့ရှိခဲ့တဲ့ မနက်ပိုင်း၊ ဒါမှမဟုတ် ညပိုင်းက သတ်ခံထားရတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ရဲစခန်းမှာ လူသတ်မှု ပုဒ်မ (၃၀၂)နဲ့အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။ 



က္က