မိသားစုဝင် ၁၄ ဦးစစ်ဆေးခဲ့ရာမှာ ၁၂ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Ei Ei Mar

ရန်ကုန်မြို့မှာ အတည်ပြုလူနာ ၁၄ ဦးတွေ့ရှိခဲ့ပြီး နှစ်ဦးမှာ အတည်ပြုလူနာ ၁၅၅ (တာမွေမြို့) နဲ့ ထိတွေ့ခဲ့သူဖြစ်ပြီး ကျန် ၁၂ ဦးမှာ ကွယ်ကဘောဆေးရုံက သူနာပြုများဖြစ်တဲ့ လူနာနံပါတ် ၁၅၂ ၊ ၁၅၃ ၊ ၁၅၄ တို့နဲ့ ထိတွေ့ခဲ့သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနဲ့ ယနေ့ မေလ ၇ ရက်နေ့ညက ၈ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။

လူနာနံပါတ် ၁၅၂ ၊ ၁၅၃ ၊ ၁၅၄ တို့နဲ့ ထိတွေ့သူ ၁၄ ဦးကို စစ်ဆေးခဲ့ရာမှာ ၁၂ ဦး (လူနာနံပါတ် ၁၆၅ မှ ၁၇၆ ထိ) မှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၁၂ ဦးစလုံးက မိသားစုတစ်စုတည်းဖြစ်တယ်လို့ သိရပါတယ်။ "အကုန်လုံးမိသားစုဝင်တွေချည်းပါပဲ။ ၁၄ ယောက်ပို့တယ်။ ၁၂ ယောက်တွေ့ပါတယ်။ ခဝဲခြံ (၂) လမ်းမှာ နေထိုင်သူတွေချည်းပါပဲ" လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။

အဆိုပါ ၁၂ ဦးမှာ လူနာနံပါတ် ၁၆၄ က အသက် ၅၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကျန် ၁၁ ဦးမှာတော့ အသက် ၁၂ နှစ်မှ ၂၉ နှစ်ကြား လူငယ်များ ဖြစ်ပါတယ်။ မေလ ၁ ရက်နေ့ နံနက် ၇ နာရီက လူနာနံပါတ် ၁၅၁ မှာ COVID-19 ရောဂါပိုးရှိကြောင်း ကြေညာပြီးတဲ့နောက် အဆောင်အတူနေထိုင်သူ ၆ ဦးကို Quarantine ထား စစ်ဆေးခဲ့ရာ ၄ ဦး (လူနာနံပါတ် ၁၅၂ ၊ ၁၅၃ ၊ ၁၅၄ နဲ့ ၁၅၇) မှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။

လူနာနံပါတ် ၁၅၁ က ပုဂ္ဂလိကကျောင်းဆရာမလို့ သိရပြီး ကျန် ၄ ဦးမှာ အင်းစိန်ရှိ ကွယ်ကဘောဆေးရုံက သူနာပြုများဖြစ်ပါတယ်။ ဒါ့အပြင် ယင်းအဆောင်ကို ဝင်ထွက်သွားလာနေတဲ့ အမျိုးသမီးတစ်ဦး (လူနာနံပါတ် ၁၆၂) မှာလည်း ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ယနေ့ (မေလ ၇ ရက်) မနက် ၇ နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယနေ့ညမှာလည်း အထက်ပါအတည်ပြုလူနာများနဲ့ ထိတွေ့သူများထဲက ၁၂ ဦးတွေ့ရှိခဲ့တာဖြစ်လို့ လူနာနံပါတ် ၁၅၁ က အစပြုခဲ့တဲ့ ရောဂါပိုးတွေ့ရှိမှု ကွင်းဆက်က သူအပါအဝင် ၁၈ ဦး ရှိနေခဲ့ပါပြီ။ မေလ ၆ ရက်နေ့က အင်းစိန်မြို့နယ်မှာ ကျန်းမာရေးစစ်တမ်းကောက်ယူပြီး တွေ့ရှိခဲ့တဲ့ သံသယလူနာ ၁၆ ဦးကို စစ်ဆေးမှု မပြုလုပ်ရသေးဘူးလို့လည်း ဦးဝေဖြိုးဟန်ထံမှ သိရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က