စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာ ထားရှိပြီး စောင့်ကြည့်ကုသနေတာပါ ။

ဒီနေ့မနက်က ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ ပေါက်တောမြို့နယ်က NGO ဝန်ထမ်းရဲ့ မိသားစုဝင် သုံးဦးက ဖျားနာနေပြီဖြစ်လို့ ကွာရန်တင်းထားရှိပြီး ကုသနေတယ်လို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကနေ သိရပါတယ် ။


ဒါ့အပြင် ကိုဗစ်လူနာအမှတ် ၃၇၇ဖြစ်တဲ့ NGO ဝန်ထမ်းနဲ့အတူ သွားခဲ့တဲ့သူတွေနဲ့ ဘင်္ဂါလီစခန်းက တွေ့ဆုံခဲ့တဲ့သူတွေကိုပါ စစ်ဆေးနိုင်ဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က Duwun ကို ပြောပါတယ် ။



“ ၃၇၇ ရဲ့ မိသားစုဝင်သုံးဦးက အဖျားငွေ့ငွေ့ရှိတယ် ။ နှာရည်ယိုတယ် ။ အနံ့မရတော့ဘူးပေါ့ ။ ဒါကြောင့် အခုဆေးရုံမှာထားရှိပြီး စောင့်ကြည့် ကုသနေပါတယ် ။ ဒါ့အပြင် ၃၇၇ နဲ့ အတူသွားခဲ့တဲ့လူတွေနဲ့ ဟိုမှာတွေ့ခဲ့တဲ့လူတွေကိုလည်း ပြည်သူ့ကျန်းမာရေးက contact tracking လိုက်ပြီး ဒီနေ့ swab ယူမှာပါ “ လို့ ဒေါက်တာဇော်လွင်က Duwun ကို ဖြေကြားခဲ့တာပါ။


NGO ဝန်ထမ်းနဲ့ဆက်စပ်ထိတွေ့တဲ့ လူအရေအတွက်ကိုတော့ အတိအကျမသိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ စစ်တွေမြို့ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Duwun ကို ပြောပါတယ် ။


အသက် ၂၃ နှစ်အရွယ် လူနာအမှတ် ၃၇၇ ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ NGO ဝန်ထမ်းအဖြစ်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အုန်းတောချေ ဘင်္ဂါလီ ဒုက္ခသည်စခန်း (IDP Camp) ကိုသွားရောက်ခဲ့ပြီး ဖျားနာ၊ချောင်းဆိုး သံသယလက္ခဏာတွေ တွေ့ရှိခဲ့လို့ ဆေးရုံမှာ စောင့်ကြည့်လူနာ အဖြစ် ကုသမှုခံယူနေရင်း ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။


ယနေ့မနက်မှာ အတည်ပြုလူနာ ၃ ဦးတွေ့ရှိရပြီး သုံးဦးစလုံးက အတည်ပြုလူနာများနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိသူများဖြစ်ကြပါတယ်။ လူနာအမှတ် ၃၇၈ နဲ့ လူနာအမှတ် ၃၇၉ ကတော့ CB ဘဏ်ဝန်ထမ်းနှစ်ဦး ရဲ့ မိခင်များဖြစ်ပါတယ်။ အဆိုပါ CB ဘဏ်ဝန်ထမ်းနှစ်ဦးမှာ ရောဂါပိုးမတွေ့ရှိတာဖြစ်တဲ့အတွက် လူနအမှတ် ၃၇၈ နဲ့ ၃၇၉ တို့ ကူးစက်ခံရတဲ့ ကွင်းဆက်ကို အတည်မပြုနိုင်သေးဘူးလို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။


 ပြည်တွင်းကူးစက်မှုလို့ခေါ်တဲ့ ပြည်ပခရီးသွားရာဇဝင်မရှိသူများမှာ ရောဂါပိုးတွေ့ရှိမှု မြန်မာနိုင်ငံမှာ ရပ်တန့်သွားခဲ့တာ တစ်လတိတိအကြာ သြဂုတ်လ ၁၆ ရက်မှာ ပြည်တွင်းကူးစက်လူနာအဖြစ် စစ်တွေ့မြို့တွင် တစ်ဦးတွေ့ရှိခဲ့ပါတယ်။ ဒီကနေ့ (သြဂုတ်လ ၁၉ ရက်) နံနက်မှာလည်း စစ်တွေမှာပဲ ပြည်ပခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာများနဲ့ ထိတွေ့မှုမရှိသူ ၃ ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က