သြဂုတ်လ ၁၂ ရက်နေ့က စစ်တွေကို သွားခဲ့ပြီး ၁၄ ရက်နေ့က ပြန်လာသူ ဖြစ်ပါတယ်။

ယနေ့မနက် ၈ နာရီထုတ်ပြန်ချက်မှာပါတဲ့ လူနာအမှတ် ၅၈၄ မှာ Air KBZ လေကြောင်းလိုင်းရဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ၁၄ ရက်နေ့က စစ်တွေမှပြန်လာကာ ၂၆ ရက်နေ့မှာ အနံ့မရတော့တာကြောင့် သင်္ဃန်းကျွန်းဆေးရုံကြီးမှာ တက်ရောက်ကုသရင်း ပိုးတွေ့ရှိခဲ့တယ်လို့  တောင်ဒဂုံမြို့သစ်တောင်ပိုင်း ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂) လွှတ်တော်အမတ် ဦးသိန်းနိုင်က Duwun ကို အတည်ပြုပါတယ်။

"၁၂ ရက်နေ့က သူက စစ်တွေသွားတယ်။ ၁၄ ရက်နေ့က ပြန်လာတယ်။ ၁၇ ရက်နေ့ကျတော့ Air KBZ ရုံးကိုသွားတယ်။ ၂၆ ရက်နေ့ကျတော့ အနံ့တို့ဘာတို့ အာရုံတွေ သိပ်မရတော့ သူက တောင်ဒဂုံမှာရှိတဲ့ Fever Clinic ကို သွားတယ်။ အဲဒီကနေပြီးတော့မှ သင်္ဃန်းကျွန်းဆေးရုံကို ရောက်တာပေါ့" လို့ ဦးသိန်းနိုင်က ပြောပါတယ်။ 



တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အထက်ပါအတိုင်း အတည်ပြုပြောကြားပြီး လူနာကို မနေ့ညက Swab ယူပြီး ဒီနေ့မနက်မှာ ပိုးတွေ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

"တောင်ဒဂုံ ၂၅ ရပ်ကွက်က အမျိုးသမီးတစ်ယောက်ပါ။ လေကြောင်းလိုင်းတစ်လိုင်းက မန်နေဂျာပါ" လို့လည်း တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်က Duwun ကို ပြောပါတယ်။ လူနာဟာ ရပ်ကွက်ထဲမှာ အသွားအလာအထိအတွေ့ ရှိသူ မဟုတ်ဘူးလို့ ဦးရဲအောင်က ဆိုပါတယ်။ လတ်တလောမှာတော့ လူနာရဲ့ မိသားစုဝင် ၃ ဦးကို ရွှေပြည်သာကွန်ပျူတာတက္ကသိုလ်မှာ ကွာရန်တင်းပို့ရန် စီစဉ်နေတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ စစ်တွေမှာ ပြည်တွင်းကူးစက်လူနာများ စတင်တွေ့ရှိတဲ့နေ့ကစပြီး ရန်ကုန်မှာ စောင့်ကြည့်လူနာအဖြစ် (သို့မဟုတ်) ဆေးစစ်ရင်းနဲ့ တွေ့ရှိတဲ့လူနာ ၃ ဦးရှိနေပါပြီ။ ပထမဆုံးတစ်ဦးက သြဂုတ်လဆန်းပိုင်းကတည်းက တောင်ကြီးမြို့ကနေ ရန်ကုန်ကိုရောက်နေပြီး သြဂုတ်လ ၂၅ ရက်နေ့က ပိုးတွေ့ရှိတဲ့ လူနာအမှတ် ၄၇၇ ဖြစ်ပါတယ်။ 

နောက်တစ်ဦးကတော့ သင်္ဘောလိုက်ဖို့အတွက် ကျန်းမာရေးစစ်ဆေးရာမှ သြဂုတ်လ ၂၆ ရက်ကေ ပိုးတွေ့ခဲ့တဲ့ လူနာအမှတ် ၅၀၆ ဖြစ်ပါတယ်။ သူနေထိုင်ရာ တောင်ဥက္ကလာက တိုက်ကို လော့ဒေါင်းလုပ်ပြီး သူ့မိသားစုဝင်များနဲ့ ဝန်ထမ်း စုစုပေါင်း ၁၅ ဦးကို ကွာရန်တင်းစင်တာကို ပို့ဆောင်ထားပါပြီ။ မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၇ ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့လူနာစုစု‌ပေါင်း ၅၈၆ ဦးရှိနေပြီး ၆ ဦးသေဆုံးကာ ရောဂါကင်းစင်သူ ၃၄၅ ဦး ရှိပါတယ်။ လက်ရှိကုသမှုခံယူဆဲလူနာက ၂၃၅ ဦး ရှိပါတယ်။ 

Share

Loading Next Article...
က္က