လူနာအမှတ် ၄၇၇ မှာ ကိုဗစ်ပိုးရှိကြောင်း သြဂုတ်လ ၂၅ ရက်ညက သိရှိခဲ့တာပါ။

ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာတွေ့ရှိတဲ့ လူနာအမှတ် ၆၅၂ အသက် ၄၂ နှစ်အရွယ်အမျိုးသမီးဟာ ရန်ကုန်မှာပိုးတွေ့ရှိတဲ့ တောင်ကြီးဇာတိ လူနာအမှတ် ၄၇၇ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးနဲ့ ထိတွေ့မှုရှိလို့ Swab ယူစစ်ဆေးရာက ပိုးတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

"၄၇၇ ထွက်တဲ့နေ့မှာ contact tracking လိုက်တဲ့အခါမှာ တောင်ကြီးက ဒီတစ်ယောက်ပါတာပေါ့။ အဲဒီနေ့မှာပဲ သူ့ကို Facility Quarantine ထားပြီး Swab ယူ စစ်လိုက်တာပါ" လို့ရှမ်းပြည်နယ်တောင်ပိုင်း အထူးရောဂါနှိမ်နင်းရေးဌာနမှ အဖွဲခေါင်းဆောင်ဆရာဝန် ဒေါက်တာဇဝနကိုက Duwun ကို ပြောပါတယ်။ 



သြဂုတ်လ ၂၅ ရက်ညက လူနာအမှတ် ၄၇၇ အဖြစ်ပါဝင်လာတဲ့ အမျိုးသမီးဟာ ယနေ့ တွေ့ရှိတဲ့ လူနာအမှတ် ၆၅၂ ကို ဆေးရုံလိုက်စောင့်ပေးရင်း ရန်ကုန်ကို အတူတူသွားကြခြင်းဖြစ်ပြီး လူနာအမှတ် ၆၅၂ က သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်ကနေ တောင်ကြီးကို ရောက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယနေ့ ပိုးတွေ့လူနာဟာ အပြင်ကို သွားလာခြင်းမရှိသလို သူနဲ့အနီးကပ်ထိစပ်တဲ့ မိသားစုဝင်တွေမှာလည်း ပိုးမတွေ့ရှိဘူးလို့ ဆိုပါတယ်။

"တောင်ကြီးမှာတော့ သူ့ကို မေးရသလောက်က ဘယ်မှမသွားဘူး။ သူ စပ်စံထွန်းစျေးကို တစ်ခေါက်သွားတာတော့ ရှိတယ်။ ဘုရားပန်းဝယ်တာပဲပေါ့နော်။ မက်စ်တွေဘာတွေ တပ်သွားတယ်။ ကျန်းမာရေးအရ ကျောက်ကပ်ကလည်း သိပ်မကောင်းတော့ ခါးနာတာရှိလို့ ဘယ်မှမသွားဘူး။ အိမ်မှာပဲနေတယ်။ အိမ်မှာ သူ့မိသားစုဝင်က ၅ ယောက်ရှိတယ်။ သူတို့ ၅ ‌ယောက်ကို အတူတူစစ်တာတော့ Nagative ထွက်တယ်" လို့ ဒေါက်တာဇဝနကိုက ဆိုပါတယ်။ 

လူနာရဲ့အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ လူနာက ရောဂါလက္ခဏာမပြဘဲ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အတည်ပြုလူနာတွေ စတင်တွေ့ရှိချိန်ကစလို့ ယနေ့အချိန်အထိ ရှမ်းပြည်နယ်မှာ အတည်ပြုလူနာ ၁၁ ဦးတွေ့ရှိထားပြီး ယခင် ၁၀ ဦးစလုံးပျောက်ကင်းသွားပြီး ၂ လခန့်အကြာမှာ ပထမဆုံးတွေ့ရှိတဲ့လူနာလည်း ဖြစ်ပါတယ်။

ယနေ့ သြဂုတ်လ ၂၉ ရက်မနက် ၈ နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၆၅၆ ဦးတွေ့ရှိထားပါတယ်။ ပိုးတွေ့လူနာတွေထဲက ၆ ဦးသေဆုံးကာ ရောဂါကင်းစင်သူ ၃၄၉ ဦး ရှိပြီဖြစ်တဲ့အတွက် လက်ရှိကုသမှုခံယူဆဲလူနာက ၃၀၁ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Share

Loading Next Article...
က္က