ကိုယ်စားလှယ်တွေရဲ့ဖုန်းနံပါတ်တွေကိုပါ ဆက်သွယ်မေးမြန်းနိုင်ဖို့ စီစဉ်မယ်လို့ ဆိုပါတယ်။


ပြည်သူ့ပါတီအနေနဲ့ လက်ရှိ ကိုဗစ် ၁၉ရောဂါအခြေအနေအရ ပြည်သူလူထုနဲ့ မြေပြင်မှာတိုက်ရိုက် တွေ့ဆုံမဲဆွယ်တာတွေပြုလုပ်မှာမဟုတ်ဘဲ ဒစ်ဂျစ်တယ် နဲ့ မီဒီယာတွေကနေပဲ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးကိုကိုကြီးက Duwun ကို ပြောပါတယ် ။

ဒါကြောင့် ပြည်သူတွေ မည်သူမဆိုဝင်ရောက်မေးမြန်းနိုင်တဲ့ ဒစ်ဂျစ်တယ်တွေ့ဆုံပွဲတစ်ခုကို လုပ်ဆောင်ဖို့ စီစဉ်နေပြီး ပြည်သူတွေကနေ ကိုယ်စားလှယ်လောင်းတွေကို မေးခွန်းတွေ မေးမြန်းစေချင်တယ်လို့ ဦးကိုကိုကြီးရဲ့ ပြောကြားချက်အရ သိရပါတယ် ။



ဓာတ်ပုံ-ကျော်ဇင်မန်း(ပြည်သူ့ပါတီရန်ကုန်တိုင်းအောင်နိုင်ရေးရုံးဖွင့်ပွဲနှင့်ကိုယ်စားလှယ် မိတ်ဆက်ဆိုင်းဘုတ်တင်ခြင်းအခမ်းအနား)

" ချက်ချင်းကြီး ထလုပ်ဖို့ရည်ရွယ်ချက်မရှိသေးပါဘူး ။ ကိုဗစ်ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီး လှည့်လည်တဲ့ကိစ္စဆောင်ရွက်ပါမယ်။အွန်လိုင်းကနေ ပြည်သူတွေတိုက်ရိုက်ဆွေးနွေးနိုင်ဖို့ ဆောင်ရွက်ပါမယ် ။အထူးသဖြင့်တော့ Digital Town Hall Meeting ဖြစ်ဖို့အတွက်ဆောင်ရွက်ပါမယ် ။ မည်သူမဆို Sign In လုပ်ပြီး သိချင်တာတွေ မေးမြန်းနိုင်ဖို့ ၊ ဆွေးနွေးနိုင်ဖို့လုပ်ဆောင်ပါမယ် ။ နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်တို့ ဖုန်းနံပါတ်တွေပေးပြီး သူတို့သိချင်တာတွေ မေးမြန်းနိုင်အောင်ဆောင်ရွက်ဖို့ ရှိပါမယ် " လို့ ဦးကိုကိုကြီးက ပြောပါတယ် ။

ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးရခက်သလို လူတွေအထိတ်တလန့် ဖြစ်နေတဲ့အတွက် မဲဆွယ်စကားတွေ ပြောလို့ မထွက်ဘူးလို့ ဦးကိုကိုကြီးကဆိုရင်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းစေချင်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ-ကျော်ဇင်မန်း(ပြည်သူ့ပါတီရန်ကုန်တိုင်းအောင်နိုင်ရေးရုံးဖွင့်ပွဲနှင့်ကိုယ်စားလှယ် မိတ်ဆက်ဆိုင်းဘုတ်တင်ခြင်းအခမ်းအနား)

"အခုပဲ ကြေညာချက်တွေက တစ်ခုနဲ့တစ်ခု ကွဲလွဲနေတာလေးတွေတွေ့ရတယ် ။ ကျန်းမာရေးက ညွှန်ကြားချက်တစ်မျိုး ၊ UEC က တစ်မျိုး ၊ ဒေသန္တရအမိန့် တွေက တစ်မျိုးဖြစ်နေတော့ နိုင်ငံရေးပါတီတွေအနေနဲ့ လုပ်ရကိုင်ရ အင်မတန်ခက်ပါတယ် ။ နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာခံစားမှုပေါ့ ။ လူတွေ အထိတ်တလန့်ဖြစ်နေတဲ့ကာလမှာ ကျွန်တော့်ကိုမဲပေးပါ ကျွန်မကိုမဲပေးပါ ပြောရမယ့်ကိစ္စမျိုး ကျွန်တော်တို့လည်း ပြောမထွက်ဘူး ။ ဒါကြောင့် UEC အနေနဲ့ တွေ့ဆုံဆွေးနွေးသင့်တယ် ။ ကိုဗစ်အန္တရာယ်ထိန်းချုပ်နိုင်တဲ့အထိ ရွေးကောက်ပွဲကို ရွှေ့လို့ရတယ် ။နိုင်ငံရေးအကြပ်အတည်း ၊ ဥပဒေအကြပ်အတည်းကိုလည်း ကျော်လွှားနိုင်တဲ့အခြေအနေက ဒီဇင်ဘာလကုန်လောက်အထိဆို လွှတ်တော်သက်တမ်းငါးနှစ်မကျော်ခင်အတွင်းမှာ ပြန်ပြီးချိတ်ဆက်နိုင်တယ်" လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ ၁၄ရက်မှာတော့ တောင်ဥက္ကလာပမြို့နယ် ၊ ၁၃ရပ်ကွက် ၊ မေတ္တာလမ်းမှာရှိတဲ့ ပြည်သူ့ပါတီတိုင်းရုံးမှာ ရန်ကုန်တိုင်းအောင်နိုင်ရေးရုံးဖွင့်လှစ်ခြင်း နဲ့ ကိုယ်စားလှယ်မိတ်ဆက် ဆိုင်းဘုတ်တင်ခြင်း ၊ သုမင်္ဂလာလမ်း နဲ့ သစ္စာလမ်းထောင့်မှာ ကိုယ်စားလှယ်မိတ်ဆက်ဆိုင်းဘုတ် ထူခြင်းတွေကို ပါတီဥက္ကဌ ဦးကိုကိုကြီးဦးဆောင်ပြီး တောင်ဥက္ကလာကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ပါတီကိုယ်စားလှယ်များက ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ-ကျော်ဇင်မန်း (သုမင်္ဂလာလမ်းနှင့်သစ္စာလမ်းထောင့်တွင် ပြည့်သူပါတီကိုယ်စားလှယ်မိတ်ဆက် ဆိုင်းဘုတ်ထူနေစဉ်)

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ ပြည်သူ့ပါတီအနေနဲ့ တိုင်းဒေကြီး (၇)ခု နဲ့ ပြည်နယ် (၃)ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် (၄၂)ဦး ၊ အမျိုးသားလွှတ်တော် (၁၀)ဦး နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် (၉၅)ဦးဖြစ်တယ်လို့ သိရပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က