ဒါရိုက်တာအဖွဲ့ဝင်အားလုံးကို တရားစွဲသွားမယ်လို့ဆိုပါတယ်။

YBS ယာဉ်လိုင်းတွေကို(၃)နှစ်နီးပါး အကျိုးအမြတ်ငွေ မပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက ဒါရိုက်တာအဖွဲ့ဝင်အားလုံးကို တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ရှယ်ယာရှင်တွေဘက်ကပြောပါတယ်။

ဒီနေ့ အောက်တိုဘာလ (၃၀)ရက်နေ့က ပြုလုပ်တဲ့ YUPT ဒါရိုက်တာအဖွဲ့ဝင်များရွေးချယ်ပွဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီနဲ့ ရှယ်ယာရှင်တွေကြားမှာ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။

“ ကျွန်တော်တို့ အကျိုးအမြတ်မရတာသုံးနှစ်လောက်ရှိပြီ။ ကျွန်တော်တို့ရှယ်ယာရှင်တွေထည့်ထားတဲ့ပိုက်ဆံကလည်း ရှိလို့မဟုတ်ဘူး။ အခုလိုအကျိုးအမြတ်ငွေတွေမပေးတော့ဘာနဲ့ သွားစားမလဲ။ ဒီပွဲကလည်း ကျွန်တော်တို့ ဆန္ဒတစ်ခုမှမပါဘူး။ ကုမ္ပဏီအရှုံးပေါ်လို့ အမြတ်ငွေမပေးဘူးဆိုပေမယ့် ကုမ္ပဏီကလုပ်ဆောင်နေတာတွေတစ်ခုမှမသိရဘူး။ ကျွန်တော်တို့ထပ်စောင့်ကြည့်မယ်။ မဆောင်ရွက်ပေးနိုင်ရင်တော့ တရားစွဲသွားမယ်” လို့ ရှယ်ယာရှင်တစ်ဦးကပြောပါတယ်။

ဒီနေ့ ဒါရိုက်တာရွေးချယ်ပွဲမှာတော့ ကုမ္ပဏီနဲ့ ရှယ်ယာရှင်တွေရဲ့ ပဋိပက္ခကြောင့် ပွဲဖျက်သိမ်းခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။ရှယ်ရာရှင်တွေပြောသလို ကုမ္ပဏီဘက်က မရိုးမသားမမှန်မကန်လုပ်ခဲ့တာမျိုးမရှိတဲ့အတွက် ဒီကိစ္စကို ရှင်းပေးနိုင်တယ်လို့ဆိုပါတယ်။

“ ကျွန်တော်တို့ဘက်က အကုန်လုံးချပြပေးလို့ရတယ်။ ဆိုးတာက ကျွန်တော်တို့ ဘာပြောပြောသူတို့ဘက်က အယုံအကြည်မရှိတာ။ ဒီနေ့ဆိုရင် သူတို့ ကျွန်တော့်ကို အရမ်းစော်ကားကြတယ်။ ထပ်ပြီးတော့စော်ကားရင်တော့ စော်ကားတဲ့အလျှောက် တရားဥပဒေနဲ့ဆောင်ရွက်သွားမယ်” လို့ YUPT ဥက္ကဌ ဦးဇော်ထွန်းက မီဒီယာတွေကိုပြောပါတယ်။



YUPT ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်ကစတင်ပြီး ဦးဇော်ထွန်းက ဥက္ကဌအဖြစ်စတင်ဆောင်ရွက်ခဲ့ချိန်က စလို့ အကျိုးအမြတ်ငွေကိုမရရှိတာဖြစ်တယ်လို့သိရပါတယ်။ ရှယ်ယာရှင်တွေရဲ့ပြောဆိုချက်တွေကိုတော့ ဥက္ကဌဖြစ်သူက မဟုတ်ကြောင်းဖြေရှင်းခဲ့ပေမယ့် ဒီကိစ္စကို တိုင်းအစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးသွားဖို့တင်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။



က္က