လက်ရှိအသုံးပြုနေတဲ့ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်ပုံနဲ့ထုတ်ဝေသွားမှာပါ။
Ei Ei Htun

ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ တစ်ထောင်တန်အသစ် ထုတ်ဝေပြီးနောက် (၅)လကျော်အကြာမှာ ဗိုလ်ချုပ်ပုံပါတဲ့ငွေစက္ကူသစ်တစ်မျိုးကို ထပ်မံထုတ်ဝေသွားဖို့ရှိနေပါတယ်။

အဆိုပါ ငွေစက္ကူကိုတော့ ယခုအပတ်အတွင်းမှာ ထုတ်ဝေမှာဖြစ်ပြီး ထုတ်ဝေမယ့် ငွေစက္ကူရဲ့ တန်ဖိုးကိုတော့ ဗဟိုဘဏ်ကနေ တရားဝင်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ သိပါရတယ်။

“ ယခုအသုံးပြုနေတဲ့ ငွေစက္ကူအားလုံးကို တစ်ဆင့်ပြီးတစ်ဆင့် ဗိုလ်ချုပ်ပုံနဲ့ ထုတ်ဝေသွားမှာပါ။ ယခုတစ်ပတ်အတွင်းမှာပဲ နောက်ထပ်တစ်မျိုးကို ထပ်ထုတ်ဖို့ရှိနေတယ်။ ဘယ်လောက်တန်လဲဆိုတာက နီးမှ ဗဟိုဘဏ်က ထုတ်ပြန်ပေးပါလိမ့်မယ်” လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယ ဥက္ကဌ ဦးစိုးမင်းက Duwun ကိုပြောပါတယ်။

ပထမဆုံး ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူ တစ်ထောင်တန်တွေကိုတော့ ၂၀၂၀ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့ လွတ်လပ်ရေးနေ့က စတင်ထုတ်ဝေခဲ့ပြီး ပြည်သူတွေရဲ့ လက်ထဲကိုတော့ ဇန်နဝါရီလ (၇)ရက်နေ့မှာလဲလှယ်ခွင့်ပြုခဲ့ပါတယ်။

ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ တစ်ထောင်တန်ထွက်ရှိခဲ့စဉ် ကတည်းက ပြည်သူတွေအနေနဲ့ကလည်း ငွေစက္ကူအားလုံးကို ခုလိုထုတ်ဝေပေးဖို့တောင်းဆိုခဲ့သလို မကြာခင်ကာလအတွင်းလည်း ပြည်သူတွေထံ နောက်ထပ်ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူတွေထပ်မံရောက်ရှိလာတော့မှာဖြစ်ပါတယ်။ 

ငွေစက္ကူအားလုံးကို ဗိုလ်ချုပ်ပုံနဲ့ ပြောင်းလဲရာမှာ လုံခြုံရေးအမှတ်အသားတွေနဲ့ သေချာထုတ်လုပ်ရမှာဖြစ်လို့ အချိန်ကာလတစ်ခုကိုတော့ အတိအကျသတ်မှတ်လို့ မရသေးဘူးလို့လည်း သိရပါတယ်။




က္က