သင်္ကြန်အငွေ့အသက်တွေကို တစ်နေရာတည်း ခံစားရအောင် စီစဉ်ထားပါတယ်။
Mi Thawdar Aung

ယခုနှစ်သင်္ကြန်မှာ မြကျွန်းသာ လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးအကြိမ် ကျင်းပသွားမယ်လို ကျင်းပရေးကော်မတီ CB-KMA အဖွဲ့ကနေသိရပါတယ်။

(ဧပြီလ ၃ ရက်က မြကျွန်းသာလမ်းလျှောက်သင်္ကြန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်)

သင်္ကြန်အကြို ဧပြီလ ၁၃ ရက်မှ သင်္ကြန်အတတ်နေ့ ဧပြီလ ၁၆ ရက်နေ့ အထိကျင်းပသွားမှာဖြစ်ပြီး ရေပက်ကစားနိုင်တဲ့ ရေကစားမဏ္ဍပ်ငယ်တွေ၊ ပန်းအလှတွေ၊ ထီးတွေ၊ သင်္ကြန်သင်္ကေတအရုပ်တွေ အလှဆင်ယင်ထားပြီး သင်္ကြန်အငွေ့အသက်တွေကို တစ်နေရာတည်းမှာ ခံစားရစေအောင်စီစဉ်ထားတယ်လို့ မြကျွန်းသာလမ်းလျှောက်ရေးသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီ CB-KMA အဖွဲ့မှ ဒုတိယခေါင်းဆောင် မဥမ္မာအေးက ပြောပါတယ်။

“ မြကျွန်းသာထဲက ဝင်းအတွင်းမှာ ကျင်းပသွားမှာပါ။ လမ်းလျှောက်သင်္ကြန်ရဲ့ဘယ်ညာနှစ်ဖက်လုံးမှာ မဏ္ဍပ်လေးတွေ ထားထားမယ်။ ရခိုင်ရိုးရာလောင်းလှေနဲ့ ရေပက်နိုင်ဖို့ စီစဉ်ထားတယ်။ ရေခွက်နဲ့ ပက်တဲ့ ပုံစံလေးတွေကိုလည်း စီစဉ်ထားပါတယ်။ အရုပ်ကလေးတွေကိုလည်း မြန်မာ့ ရိုးရာ အရုပ်တွေကို အလှဆင်ထားမယ်။ ယိမ်းအကတွေ၊ အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေလည်း ထည့်သွင်းထားတယ်။ မြကျွန်းသာ လမ်းလျှောက်သင်္ကြန်က မြန်မာ့ရိုးရာသင်္ကြန်ကို ဖော်ဆောင်တဲ့အပြင် ခေတ်နဲ့လျော်ညီတဲ့ သင်္ကြန်အဖြစ်လည်း ဖော်ဆောင်သွားမှာပါ” လို့ မဥမ္မာအေးက ပြောပါတယ်။

(ဧပြီလ ၃ ရက်က မြကျွန်းသာလမ်းလျှောက်သင်္ကြန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်)

အဆိုပါ လမ်းလျှောက်သင်္ကြန်ကို ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြကျွန်းသာပန်းခြံအတွင်းရှိ ၈ ဧက ခန့် ကျယ်ဝန်းတဲ့ မြေကွက်လပ်မှာ ကျင်းပသွားမှာဖြစ်ပြီး စတုဒီသာ ကျွေးမွေးတဲ့ အစီအစဉ်တွေအပြင် လာရောက်လည်ပတ်တဲ့ ပြည်သူတွေအတွက် Food Court လည်း ထားရှိပေးသွားမယ်လို့သိရပါတယ်။

“ ဖြူဖြူကတော့ သင်္ကြန်လေးရက်လုံး မြကျွန်းသာလမ်းလျှောက်သင်္ကြန်မှာရှိပါမယ်။ ဖြူဖြူ့ပရိသတ်တွေလည်း သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်” လို့ တေးသံရှင်ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

မြကျွန်းသာ လမ်းလျှောက်သင်္ကြန်ပွဲတော်မှာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ရန်အောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဟိန်းဝေယံ၊ သက်မွန်မြင့်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ အိချောပိုစတဲ့ အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေသွားမှာလည်း ဖြစ်ပါတယ်။ လာရောက်လည်ပတ်ကြမယ့် ပြည်သူတွေလုံခြုံရေးနဲ့ ကျန်းမာရေးအအတွက်လည်း လုံခြုံရေးအဖွဲ့ဝင်တွေ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပေးသွားမယ်လို့သိရပါတယ်။


က္က