သံဖြူဇရပ်-မုဒုံ- မော်လမြိုင်ကားလမ်းမှာပါ ရေကျော်နေပါပြီ။
Ei Ei Htun

သံဖြူဇရပ်မြို့ဟာ ပထမအကြိမ်ရေကြီးခဲ့လို့ ပြည်သူတွေနေထိုင်ရေး ပြန်လည်အသားမကျခင်မှာ အခုက ဒုတိယအကြိမ်မြောက် ရေထပ်ကြီးတာဖြစ်ပြီး ပထမအကြိမ်လောက် စိုးရိမ်စရာတော့မရှိသေးဘူးလို့ သံဖြူဇရပ်မြို့နယ် အခမဲ့လူနာတင်ယာဉ်ကူညီရေးအသင်းမှ ကိုမျိုးကပြောပါတယ်။ 

photo- အခမဲ့လူနာတင်ယာဉ်အသင်း(သံဖြူဇရပ်မြို့)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပြီးခဲ့တဲ့စနေနေ့ ကတည်းက ယနေ့ သြဂုတ်လ(၂၆)ရက်နေ့ထိ မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းနေတာကြောင့် သံဖြူဇရပ်-မုဒုံ- မော်လမြိုင်ကားလမ်းမှာ ရေကျော်နေသလို မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။

“ မိုးက ဆက်တိုက်ကိုရွာနေတာ။ သံဖြူဇရပ်-မုဒုံကားလမ်းက ဒီနေ့မနက်ကပဲ စပြီးရေကျော်တာ။ နှီးပဒေါချောင်းရေတက်တာရော၊ တောင်ကျရေရောပေါင်းပြီး ရေကျော်နေတာ။ အခုထိတော့ ကားကြီးတွေသွားလို့ရသေးတယ်။ ကားလေးတွေကတော့ စမ်းတဝါးဝါးနဲ့သွားနေရတာ။ မိုးကတော့လုံးဝမစဲသေးဘူး။ သံဖြူဇရပ်အနိမ့်ပိုင်းတွေတော့ရေဝင်နေပြီ။ စက်သစ်ရပ်ကွက်၊ ကိုးနဝင်းရပ်ကွက်တို့၊ ချောင်းပိုင်းရပ်ကွက်တွေမှာ တော့ရေဝင်နေပြီ။ ကယ်ဆယ်ရေးလုပ်ရလောက်တဲ့ အနေအထားထိတော့ မရှိသေးဘူး” လို့ သံဖြူဇရပ်မြို့နယ် အခမဲ့လူနာတင်ယာဉ်ကူညီရေးအသင်းမှ ကိုမျိုးက Duwun ကိုပြောပါတယ်။

photo- အခမဲ့လူနာတင်ယာဉ်အသင်း(သံဖြူဇရပ်မြို့)

ယခု သံဖြူဇရပ်မြို့ရေကြီးမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး သြဂုတ်လ(၉)ရက်နေ့ က ပထမဆုံးအကြိမ် ရေကြီးခဲ့စဉ်က အိမ်တွေမြုပ်တဲ့အထိ အဆိုးဆုံးဖြစ်ခဲ့ကာ အခုက အဲဒီလောက်ထိမဆိုးသေးဘူးလို့ ကိုမျိုးကပြောပါတယ်။ မိုးသာအဆက်မပြတ်ဆက်ရွာနေရင် ညနေပိုင်းမှာတော့ ဘယ်လိုအခြေအနေဖြစ်လာမယ်ဆိုတာမသိသေးဘူးလို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ သံဖြူဇရပ်မြို့ရေကြီးမှုအခြေအနေကို လှည့်ကင်းတွေနဲ့ စောင့်ကြည့်နေပြီး မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပရဟိတအဖွဲ့ပေါင်းစုံနဲ့ နာရေးကူညီအသင်းတွေအားလုံးစုပေါင်းပြီး လိုအပ်ရင် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ အဆင်သင့်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။


က္က