စွဲချက်မတင်ခဲ့ပါက အမှုကပြီးဆုံးသွားမှာဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲမှု ဥပဒေနဲ့တရားရင်ဆိုင်နေရတဲ့ တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ နှစ်ဦးကို လာမယ့် ဇူလိုင် (၂) ရက်ရုံးချိန်းမှာ စွဲချက် တင်၊ မတင် အမိန့်ချမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ဆောင်ရွက်တဲ့ (၆)ကြိမ်မြောက်ရုံးချိန်းမှာတော့ နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်ကြားနာမှုကို ဆောင်ရွက်ခဲ့တာပါ။ " ဒီကနေ့ ရုံးချိန်းမှာက စွပ်စွဲခံရသူများအပေါ်စွဲချက်တင် သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက်ကြားနာခဲ့တယ်။ စွဲချက်တင်သင့် မတင်သင့် အမိန့်ချမှတ်ဖို့ ကိုတော့ ဇူလိုင် ၂ ရက်နေ့ကို ချိန်းဆိုထားပါတယ် " လို့ မရမ်းကုန်းမြို့နယ်တရားသူကြီးဦးမိုးဆွေက ပြောပါတယ်။ 



ဒေးဗစ်လားတို့အမှု နောက်ရုံးချိန်းမှာ စွပ်စွဲခံရသူတွေကို စွဲချင်တင်သင့် ၊ မတင်သင့်အမိန့်ချမှာဖြစ်ပြီး စွဲချက်တင်ခဲ့ပါက ဆက်လက်တရားရင်ဆိုင်ရမှာဖြစ်ကာ စွဲချက်မတင်ခဲ့ရင်တော့ အမှုကပြီးဆုံးသွားမှာဖြစ်ပါတယ်။ “ ဒီနေ့ကတော့လျှောက်လွှဲချက်တင်တာပေါ့။နောက်ရုံးချိန်းမှာ စွဲချက်တင်ရင် ဆက်ပြီးရင်ဆိုင်ရမယ်။ မဟုတ်ရင်တော့အမှုကပြီးပြီပေါ့”လို့ ဒေးဗစ်လားတို့ရဲ့ရှေ့နေ ဦးအောင်ကြည်ဝင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းမှာတော့ တရားလိုဘက်က တင်ပြထားတဲ့ သက်သေအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒီအမှုကို ဆက်လက်ရင်ဆိုင်ရပါကလည်း ရက်ပေါင်း (၉၀)အတွင်းအပြီးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒေးဗစ်လားတို့ကို တရားစွဲဆိုထားတဲ့အမှုကCOVID-19 ကာလအတွင်း နိုင်ငံတော်က ချမှတ်ခဲ့တဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်ကာ ဘာသာရေးပွဲ ပြုလုပ်ခဲ့တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။ ပုဒ်မ (၂၅)ဟာပြစ်မှုထင်ရှားရင် အများဆုံးထောင်(၃)နှစ်ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်တဲ့ ဥပဒေဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က