ကိုဗစ် သတ်မှတ် စည်းကမ်းချက် ၄၀နဲ့ ကိုက်ညီမှ ဖွင့်လှစ်ခွင့်ရမှာပါ။
Kyaw Ko Ko Sint

ဇူလိုင်လကုန်လောက်မှသာ သတ်မှတ်စည်းကမ်းနဲ့ညီတဲ့ ဟိုတယ်အချို့ ပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ ဝန်ကြီး ဦးကျော်မြင့်က ခန့်မှန်းပြောဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကမ်းခြေဟိုတယ်တွေနဲ့တည်းခိုခန်းတွေကို တိုင်းဒေသကြီးအစိုးရက ကိုဗစ် သတ်မှတ်စည်းကမ်းတွေနဲ့ညီရင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ ဇူလိုင်လ ၁၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ထားခဲ့ပါတယ်။.



ဒါပေမယ့် လက်ရှိအချိန်ထိ ဟိုတယ်နဲ့တည်းခိုခန်းတွေကို ကိုဗစ် စည်းကမ်းနဲ့ညီမညီ မစစ်ဆေးရသေးပဲ ဒီကနေ့ ဇူလိုင် ၂၁ရက်နေ့မှသာ သတ်မှတ်စည်းကမ်းချက်တွေက ဒီနေ့မှ ထွက်ရှိလာမှာ ဖြစ်တာကြောင့် စစ်ဆေးမယ့် အဖွဲ့ အစည်းတွေကို အကြောင်းကြားစာပေးပို့ပြီး စစ်ဆေးဖို့ လုပ်ဆောင်စေမှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးအ စိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က Duwunကို ပြောပါတယ်။

“စာက ဒီနေ့မှ ထွက်တယ်၊အခု စစ်ဆေးမယ့် အဖွဲ့တွေကို စာပေးပို့ပြီး စစ်ဆေးမယ့် အဖွဲ့တွေကတဆင့် ဟိုတယ် တွေကို သတ်မှတ် အချက်တွေနဲ့အညီ ဆောင်ရွက်ပါ၊အဆင်သင့်ဖြစ်ပြီဆို စစ်ဆေးရေးအဖွဲ့တွေက သွားစစ်ပါမယ်။ သတ်မှတ်ချက်တွေနဲ့ညီပါတယ်ဆိုတာကို စိစစ်တဲ့အဖွဲ့တွေက တိုင်းအစိုးရကို ပြန်တင်ပြပေးမယ်။အဲ့ဒါမှ ဖွင့်ခွင့် ပြုမပြုကို ပြန်လည်ခွင့်ပြုပေးသွားမှာပါ။”လို့ ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

ဟိုတယ်နဲ့တည်းခိုခန်းတွေအတွက် ကိုဗစ်သတ်မှတ် စည်းကမ်းချက် အချက် ၄၀ သတ်မှတ်ပေးထားပြီး အချက် အားလုံးကို ဖြည့်ဆည်းထားနိုင်ပြီဆိုရင် စိစစ်ရေးအဖွဲ့တွေက စစ်ဆေးကာ ပြည့်စုံမှ စတင်ဖွင့်လှစ်ခွင့်ပြုမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ကမ်းခြေ ဟိုတယ်နဲ့ တည်းခိုခန်း အားလုံးကို ပြန်လည်ဖွင့်လှစ် ခွင့်မပြုထားသေးဘဲ စစ်ဆေးမှု ပြီးစီးပြီး ပြည့်စုံတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကိုတော့ အစဥ်လိုက် ဖွင့်လှစ်ခွင့်ပြု သွားမယ်လို့လည်းသိရသေးတယ်။

“ပြန်ဖွင့်နိုင်မယ့် အချိန်ကတော့ ခန့်မှန်းခြေအားဖြင့် ဇူလိုင်လကုန်လောက်ဆိုရင်တော့ စစ်ဆေးပြီးသား ဟိုတယ် အချို့ ပြန်လည်ဖွင့်လှစ်နိုင်မယ့် အနေအထားကို ရောက်မယ်လို့ မှန်းထားပါတယ်။ သတ်မှတ်ချက် မညီညွတ်သေး တဲ့ ဟိုတယ်နဲ့တည်းခိုခန်းတွေကတော့ ပြန်ဖြည့်ဆည်းရမှာပေါ့။အဲ့တော့ ဟိုတယ်တစ်ခုနဲ့တစ်ခု ဖွင့်လှစ်ခွင့်ရမယ့် ရက်တော့ မတူတော့ဘူးပေါ့။”လို့လည်း ဝန်ကြီး ဦးကျော်မြင့်က ဆက်လက်ပြောပါတယ်။

ဧရာဝတီတိုင်းမှာတော့ ကမ်းခြေတွေအဖြစ် ချောင်းသာ၊ငွေဆောင်၊ရွှေသောင်ယံ၊ဂေါ်ရန်ဂျီ စတဲ့ ကမ်းခြေတွေရှိပြီး ဟိုတယ်နဲ့ တည်းခိုခန်းတွေကိုသာ ယာယီပိတ်ထားတာဖြစ်ပြီး ကမ်းခြေမှာရှိတဲ့ လူတွေ နေ့စဥ်နဲ့အမျှ လှုပ်ရှားသွား လာနေမှုကိုတော့ ပိတ်ပင်တားဆီးထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က