ပြင်သစ်နိုင်ငံကနေ လွှတ်တင်မှာပါ။

မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဂြိုဟ်တုကို ဇူလိုင်လ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီမှာ လွှတ်တင်သွားမှာဖြစ်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Photo - Wikipedia



Myanmar Sat -2 လို့ အမည်ပေးထားတဲ့ အဲ့ဒီ ဂြိုဟ်တုကို ပြင်သစ်နိုင်ငံ Arianespace Launch စခန်းကနေ ပြင်သစ်စံတော်ချိန် ဇူလိုင်လ ၂၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်မှာ ပစ်လွှတ်မှာဖြစ်ပြီး စံတော်ချိန်ကွာခြားမှုအရ မြန်မာနိုင်ငံက ၄ နာရီ နဲ့ ၃၀ မိနစ် ပိုပြီးစောနေတာကြောင့် မြန်မာစံတော်ချိန် မနက် ၂ နာရီဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဂြိုဟ်တုဌာနက Duwun ကို အတည်ပြုပါတယ်။

ဂြိုဟ်တုလွှတ်တင်မှုကို ပြည်တွင်းရုပ်သံလိုင်းတွေက ပြသဖို့ မသေချာပေမယ့် Facebook တို့ Twitter တို့လို လူမှုကွန်ရက်တွေကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ရှိတယ်လို့ သိရပါတယ်။ အဆိုပါ Myanmar Sat-2 ဂြိုဟ်တုဟာ အမေရိကန်ဒေါ်လာ ၁၅၅ သန်းကုန်ကျပြီး အရစ်ကျပေးဆပ်ရမှာဖြစ်ပါတယ်။

ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat Global Sales & Marketing Limited တို့က အချိုးကျ ပူးတွဲပိုင်ဆိုင်မှာဖြစ်ပါတယ်။

Photo - Arianespace

ထိုဂြိုလ်တုမှာ မြန်မာနိုင်ငံအနေနဲ့ C-Band ခြောက်ခုအတွက်လိုင်း အင်အားပေါင်း 432 MHz, Ku Band ခြောက်ခုအတွက် လိုင်းအင်အားပေါင်း 432MHz စုစုပေါင်းလိုင်းအင်အား 864MHz ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း လွှတ်တင်ပြီးသွားရင် စက်တင်ဘာလအတွင်းမှာ ဝန်ဆောင်မှုတွေ စတင်ရရှိမယ့် Myanmar Sat-2 ကို ထိရောက်အကျိုး ရှိစွာ အသုံးပြုနိုင်ရေးအတွက်လည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအခြေအနေမှာ Myanmar Sat-1 ဂြိုလ်တုကို ကွန်ဒိုစနစ်လိုမျိုး အခန်းတွေငှားရမ်းပြီး အသုံးပြုလျက်ရှိနေပါတယ်။ မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်နိုင်ရေးဆပ်ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်တာကြောင့် Space Agency ဖွဲ့စည်းဆောင်ရွက်ရေး အကောင် အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က