လှေတိမ်းမှောက်ပြီး အခက်အခဲကြုံနေတဲ့ အမျိုးသမီးနှစ်ဦးကို သမ္မတက ကူညီကယ်ဆယ်ခဲ့ပါတယ်။
Ko John

ပေါ်တူဂီသမ္မတ မာဆယ်လိုရီဘီလိုဒီဆော့ဆာက Algarve ကမ်းခြေမှာ အပေါ့စားလှေငယ် တိမ်းမှောက်ပြီး အခက်အခဲကြုံနေတဲ့ အမျိုးသမီးနှစ်ဦးကို ပင်လယ်ထဲကနေ ကူညီကယ်ဆယ်ခဲ့ကြောင်း သိရပါတယ်။

(Photo: Lusa/LUÍS FORRA)

အသက် ၇၁ နှစ်အရွယ် ပေါ်တူဂီသမ္မတဟာ စနေနေ့ (ဩဂုတ် ၁၅ ရက်) က လှေမှောက်ပြီး ရေထဲမှာ ရုန်းကန်နေခဲ့ရတဲ့ အမျိုးသမီးနှစ်ဦးထံသို့ ရေကူးသွားခဲ့တာ မှတ်တမ်းဓာတ်ပုံမှာ တွေ့ရပါတယ်။ အမျိုးသမီးနှစ်ဦးဟာ အနီးအနားရှိ ကမ်းခြေတစ်ခုကနေ ရေစီးဖြင့်မျောပါပြီး ပင်လယ်အော်ထဲ ရောက်သွားခဲ့ကြတယ်လို့ သမ္မတမာဆယ်လိုက နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သမ္မတမာဆယ်လိုဟာ လက်ရှိမှာ Algarve ကမ်းခြေ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် ထိုကမ်းခြေသို့လာရောက်ပြီး အားလပ်ရက် အပန်းဖြေနေခဲ့ကြောင်း ပေါ်တူဂီ 20 Minutos သတင်းက ပြောပါတယ်။ ပေါ်တူဂီနိုင်ငံရဲ့ စီးပွားရေးဟာ ခရီးသွားလုပ်ငန်းအပေါ် များစွာ မှီခိုအားထားရတာဖြစ်ပြီး COVID-19 ကပ်ရောဂါဂယက်ကြောင့် ကြီးမားတဲ့ ထိခိုက်သက်ရောက်မှုရှိခဲ့ပါတယ်။

(Photo: RadioTeleVisao Portuguesa)

သမ္မတမာဆယ်လိုဟာ Praia do Alvor ကမ်းခြေမှာ အမျိုးသမီးနှစ်ဦးကို သတိပြုမိချိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ပြီးစလည်း ဖြစ်ပါတယ်။ ဗီဒီယိုမှတ်တမ်းအရ သမ္မတမာဆယ်လိုက ကမ်းခြေကနေ အမျိုးသမီးနှစ်ဦးထံသို့ ရေကူးသွားခဲ့တာ တွေ့ရပါတယ်။ ထိုအချိန်မှာ လှေမှောက်ပြီး ရေထဲမှာ ဒုက္ခကြုံနေရတဲ့ အမျိုးသမီးနှစ်ဦးထံသို့ အခြား အမျိုးသားတစ်ဦးကလည်း ရောက်နှင့်နေခဲ့ပြီး သူမတို့ကို လှေငယ်ထံပြန်ရောက်နိုင်ရန် ကူညီပေးနေခဲ့တယ်လို့ ဆိုပါတယ်။

ထိုအတောအတွင်း Jet Ski တစ်စီးနဲ့ အမျိုးသားတစ်ဦးကလည်း ကူညီရန် ရောက်လာခဲ့ပါတယ်။ Jet Ski စီး အမျိုးသားက အမျိုးသမီးနှစ်ဦးရဲ့ လှေငယ်ကို ကြိုးဖြင့်ဆွဲပြီး ကမ်းခြေသို့ ပြန်ယူဆောင်ပေးခဲ့ပါတယ်လို့ ဆိုပါတယ်။ အမျိုးသမီးနှစ်ဦးကို ကူညီကယ်ဆယ်ခဲ့ပြီးနောက် ၎င်းတို့ဟာ အခြား ကမ်းခြေတစ်ခုကနေ ရောက်လာခဲ့ကြတယ်လို့ သမ္မတမာဆယ်လိုက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

(Photo: AP)

"အနောက်ဘက် ရေစီးကြောင်းက အရမ်းကြီးတော့ သူတို့ကို ဆွဲသွားခဲ့ရာက လှေမှောက်ပြီး လှေထဲမှာလည်း ရေတွေအများကြီး ဝင်နေခဲ့တယ်၊ ဒီလို ရေစီးအားသန်နေတဲ့အချိန်မှာ လှေကိုပြန်မတည့်မတ်လို့ မရနိုင်သလို လှေပေါ်တက်လို့လည်း မရခဲ့ဘူး ဒါမှမဟုတ် ရေကူးလို့လည်း မရခဲ့ဘူး" လို့ သမ္မတမာဆယ်လိုက ပြောပါတယ်။ ၎င်းကိုလည်း Jet Ski စီးသူက ကူညီခဲ့တယ်လို့ သမ္မတကဆိုပါတယ်။ သမ္မတမာဆယ်လိုက အမျိုးသမီးတွေကို နောက်နောင် ဂရုစိုက်သင့်ကြောင်း သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ 

.


ဆက်စပ်အကြောင်းအရာများ


Author


က္က