လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ မှ မြန်မာ့ပယင်းထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Ko John

ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က ကမ္ဘာ့သက်တမ်းအရင့်ဆုံး တိရိစ္ဆာန်သုက်ပိုးကို မြန်မာနိုင်ငံမှ ပယင်းထဲမှာ တွေ့ရှိခဲ့တယ်လို့ AFP သတင်းက ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ မှ မြန်မာ့ပယင်းကျောက် (အပင်သစ်စေး ကျောက်ဖြစ်ရုပ်ကြွင်း) ထဲရှိ အလွန်သေးငယ်တဲ့ အခွံမာ ရေနေသတ္တဝါတစ်ကောင်ရဲ့ ကိုယ်တွင်းမှာခဲနေတဲ့ တိရိစ္ဆာန်သုက်ပိုး ကျောက်ဖြစ်ရုပ်ကြွင်းကို ကျွမ်းကျင်သူတွေက တွေရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ယခင်က ကမ္ဘာ့သက်တမ်းအရင့်ဆုံး တိရိစ္ဆာန်သုက်ပိုး ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် သက်တမ်း နှစ်ပေါင်း ၁၇ သန်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းကိုသာ တွေ့ရှိထားခဲ့တာဖြစ်ကြောင်း Nanjing မြို့ရှိ Chinese Academy of Science မှ ဝမ်ဟီဦးဆောင်တဲ့ ကျွမ်းကျင်သူအဖွဲ့က ပြောပါတယ်။

(Photo: He Wang/AFP)

ကမ္ဘာ့သက်တမ်းအရင့်ဆုံး တိရိစ္ဆာန်သုက်ပိုးကို မြန်မာ့ပယင်းကျောက်ထဲရှိ ostracod ခေါ် အစေ့အဆန်ပုံစံ ပုစွန်ဆိတ်လေးရဲ့ကိုယ်တွင်းမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ Ostacod ခေါ် အစေ့အဆန်ပုံစံ ပုစွန်ဆိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀၀ ကတည်းက ရှိနေခဲ့တဲ့ အခွံမာ ရေနေသတ္တဝါတစ်မျိုးလို့ ဆိုပါတယ်။

၎င်းတို့ကို ယနေ့အချိန်မှာလည်း ပင်လယ်သမုဒ္ဒရာတွေထဲမှာ တွေ့ရှိနိုင်တယ်လို့ ဂုဏ်သတင်းကြီးတဲ့ Royal Society's Proceedings ဂျာနယ်က ယနေ့ (စက်တင်ဘာ ၁၆ ရက်) ဖော်ပြခဲ့တဲ့ သုတေသနစာတမ်းတစ်ခုမှာ သုတေသီတွေက ပြောထားပါတယ်။

(ပယင်းထဲမှ သမိုင်းမတိုင်မီ အင်းဆက်ကျောက်ဖြစ်ရုပ်ကြွင်း) (Photo: Myanmar Amber Museum)

တိရိစ္ဆာန်သုက်ပိုး ကျောက်ဖြစ်ရုပ်ကြွင်းကို ostracod အမတစ်ကောင်ရဲ့ ကိုယ်တွင်းမှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး ၎င်းဟာ အပင်သစ်စေးအရည်စက်ထဲမှာ ပိတ်မိမသွားခင် သုက်ပိုးလက်ခံရရှိခဲ့တာ ဖြစ်ရမယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အေးခဲနေတဲ့ တိရိစ္ဆာန်သုက်ပိုးဟာ ကြီးမားပြီး အဖိုသတ္တဝါရဲ့ ခန္ဓာကိုယ်ထက် ၄.၆ ဆအထိရှိရာ ယခုတွေ့ရတဲ့ ပိုမိုထူးခြားနေတယ်လို့ သုတေသီတွေက ပြောပါတယ်။

ယခင်ကလည်း မြန်မာ့ပယင်းတွေထဲမှာ သမိုင်းမတင်မီခေတ်က အင်းဆက်အပါအဝင် ပိုးမွှားတိရိစ္ဆာန်တွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိခဲ့ဖူးကြောင်း သိရပါတယ်။ အပင်သစ်စေးက‌နေ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ နှစ်လိုဖွယ်ရာ အရောင်အဆင်းနဲ့ ကျောက်သဖွယ်ဖြစ်သွားတဲ့ ပယင်းကျောက်ကို အလှဆင် ကျောက်မျက်ရတနာအဖြစ်လည်း ဆင်ယင်အသုံးပြုကြပါတယ်။


Author


က္က