နှစ်ပေါင်း ၁၆၆ သန်း သက်တမ်းရှိ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ပါတယ်။

စကော့တလန် ကျွန်းငယ်လေးတစ်ခုရဲ့ ကမ်းခြေတစ်လျှောက် အပြေးလေ့ကျင့်ခန်းလုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ဦးက နှစ်ပေါင်း ၁၆၆ သန်း သက်တမ်းရှိ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

(Photo: N Larkin)

သိပ္ပံပညာရှင် ဒေါက်တာအယ်လ်ဆာပန်ဆီရိုလီက သူမရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနအဖွဲ့နဲ့အတူ Eigg ကျွန်းပေါ် ကမ်းခြေတစ်လျှောက် အပြေးလေ့ကျင့်နေစဥ် ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ယခင်က စကော့တလန်မှာ ဒိုင်နိုဆောအရိုး ကျောက်ဖြစ်ရုပ်ကြွင်းကို Skye ကျွန်းပေါ်မှာသာ တွေ့ခဲ့ရဖူးပါတယ်။ ယခုတွေ့ရှိရတဲ့ ဒိုင်နိုဆောအရိုး ကျောက်ဖြစ်ရုပ်ကြွင်းဟာ ၁၉ လက်မရှည်ပြီး stegosaurian ဒိုင်နိုဆောတစ်ကောင်ထံမှ ဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။

(Photo: S. Brusatte)

စကော့တလန်သိပ္ပံပညာရှင်တွေက Eigg ကျွန်းပေါ်မှာ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို အစဥ်အဆက် ရှာဖွေလာခဲ့ကြတာ နှစ်ပေါင်း ၂၀၀ ရှိပြီလို့ ဆိုပါတယ်။ အမျိုးသားပြတိုက်မှာ အလုပ်လုပ်ကိုင်တဲ့ ဒေါက်တာအယ်လ်ဆာပန်ဆီရိုလီနဲ့ သူမရဲ့ သုတေသနအဖွဲ့ဟာလည်း ကျွန်းပေါ်မှာ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ရှာဖွေနေခဲ့ကြပေမဲ့ ဒိုင်နိုဆောတစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိရန် မမျှော်လင့်ထားခဲ့ဘူးလို့ ဆိုပါတယ်။

(Photo: Dr Elsa Panciroli)

ဒေါက်တာအယ်လ်ဆာပန်ဆီရိုလီ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဟာ ဂျူရာဆစ်အလယ်ခေတ်ကာလမှ ဖြစ်တယ်လို့ သိရပါတယ်။ ကမ်းခြေမှာ အပြေးလေ့ကျင့်ရင်း ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိရမှုဟာ ကံကောင်းတဲ့ဖြစ်ရပ်လို့ သူမက ဆိုပါတယ်။ ဒေါက်တာအယ်လ်ဆာပန်ဆီရိုလီဟာ ကမ်းခြေမှာ အပြေးလေ့ကျင့်စဥ် ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းပေါ်မှ တိုက်တိုက်ဆိုင်ဆိုင် ခလုတ်တိုက်ဖြတ်ပြေးခဲ့မိတာ ဖြစ်ပါတယ်။

(Image: Dr Elsa Panciroli)

ဂျူရာဆစ်အလယ်ခေတ်ကာလမှ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိရမှုဟာ ရှားပါးပြီး စကော့တလန်မှာ ယခင်က တွေ့ရှိခဲ့ရမှုဟာ Skye ကျွန်းပေါ်မှာသာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ စကော့တလန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၆ သန်းက stegosaurian ဒိုင်နိုဆောတွေ ကျက်စားနေထိုင်ခဲ့ကြဖူးတယ်လို့ ဆိုပါတယ်။ ယခုအခါ Eigg ကျွန်းပေါ်မှာတွေ့ရတဲ့ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းကို အီဒင်ဘတ်ဂ်မြို့ရှိ စကော့တလန်အမျိုးသားပြတိုက် (National Museums Scotland) မှာ သိမ်းဆည်းထားရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က